ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် (၁) ရပ်ကွက်၊ ထီးလှိုင်လမ်းရှိ VPN KTV တွင် ‘Hi ခန်း’ (မူးယစ်ဆေးသုံးခန်း) အသုံးပြုကာ မူးယစ်ဆေးဝါး သုံးစွဲနေသူများအား ဖမ်းဆီးရာတွင် စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ခုနစ် ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း ဗိုလ်ကြီးဆိုသူကို စစ်တပ်က ပြန်လည်ခေါ်ဆောင်သွား၍ အရပ်သား ခြောက် ဦးကိုသာ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ယမန်နေ့ အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီခန့်က အဆိုပါ VPN KTV ရှိ VIP 1 အခန်းအတွင်း၌ DJ စက်ဖွင့်၍ မူးယစ်ဆေးဝါး သုံးစွဲ ပျော်ပါးနေကြောင်း သတင်းအရ ဝင်ရောက်စီးနင်းရာ ရွေးတုအစိုးရစစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၊ DJ မင်းထက်ဒီပါ၊ DJ ရဲထက်ပိုင်၊ အောင်ကိုလတ်၊ မခိုင်ယမင်းသွယ်၊ လဲ့လဲ့စိုး နှင့် ခင်စပါယ်ထွေး စုစုပေါင်း ခုနစ် ဦးကို လက်ရဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဖမ်းဆီးရမိပြီးနောက် ဗိုလ်ကြီးဆိုသူအား ရွေးတုအစိုးရစစ်တပ်က လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ကျန်အရပ်သား ခြောက် ဦးကိုသာ တောင်ငူမြို့မ ရဲစခန်းသို့ ပို့ဆောင်ကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
“ဖမ်းမိတာက စုစုပေါင်း ၇ ယောက်ပါ။ တပ်က ဗိုလ်ကြီးတစ်ယောက် ပါနေတော့ သူ့ကို တပ်ကပဲ ပြန်လာခေါ်သွားတယ်။ ရဲစခန်းမှာ အမှုဖွင့်ခံရတာက အရပ်သား ၆ ယောက်ပဲ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အခန်းအတွင်း ရှာဖွေစစ်ဆေးရာ၌ စားပွဲပေါ်မှ အကြည်ရောင် ပလတ်စတစ် ကပ်ခွာအိတ်သေးအတွင်း ထည့်ထားသည့် ကတ်တမင်း (K) အဖြူရောင်အမှုန့် ၂.၅ ဂရမ်၊ ကော်ပိုက် ၁၀ ချောင်း၊ သစ်သားပန်းကန်ပြား ၁ ချပ်၊ ဖဲချပ် ၁ ချပ်၊ ပီကေဘူး ၁ ဗူး၊ Happy Water ပန်းရောင်အရည် ၂၅ စီစီနှင့် Happy Water ဖျော်သောက်သည့် ဖန်ခွက် နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် တောင်ငူမြို့၌ KTV၊ အနှိပ်ခန်း၊ စင်တင်ဘားများနှင့် ကျောင်းများတွင်ပါ မူးယစ်ဆေးဝါး ပျံ့နှံ့မှုများ ရှိနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က အမှတ် (၁၀) ရပ်ကွက်တွင် မူးယစ် ဆေးသုံးစွဲထားသည့် သားဖြစ်သူက မိခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်ကလည်း အထက (၃) ကျောင်းတွင် အလယ်တန်း ကျောင်းသူတစ်ဦး ကျောင်းတွင်း မူးယစ်ဆေး ရောင်းချနေသည်ကို တွေ့ရှိရသဖြင့် ကျောင်းထုတ် ခဲ့ရသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။