ဆောင်းပါးရှင်-မောင်ဖြူဖွေး
(ဧရာ၀တီတိုင်းမ် ၊ အောက်တိုဘာ ၂၀ ရက်)
အိန္ဒိယနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုသည် စီးပွားရေး တိုးတက်မှု၊ နည်းပညာ မြှင့်တင်ရေးနှင့် ကမ္ဘာ့အဆင့် ယှဉ်ပြိုင်နိုင်စွမ်းတို့၏ အဓိက မောင်းနှင်အားတစ်ရပ် ဖြစ်လာခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် ဒစ်ဂျစ်တယ် စီးပွားရေးတန်ဖိုး (Digital GDP) အမေရိကန်ဒေါ်လာ ၁ ထရီလီယံအထိ ရောက်ရှိရန် ရည်မှန်းထားသည့်အတွက် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများသည် လမ်းတံတား၊ ဆိပ်ကမ်းနှင့် လျှပ်စစ်ဓာတ်အားကွန်ရက်များကဲ့သို့ပင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မရှိမဖြစ် လိုအပ်ချက်ဖြစ်လာသည်။
ဒစ်ဂျစ်တယ် ငွေပေးချေမှု၊ အွန်လိုင်းမှ ပစ္စည်းအရောင်းအဝယ်ပြုလုပ်မှု၊ Cloud (ကလောက်) ဝန်ဆောင်မှု၊ ဉာဏ်ရည်တု (AI) နှင့် အစိုးရ၏ အွန်လိုင်း ဝန်ဆောင်မှုစနစ်များ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာခြင်းသည် စီးပွားရေးပုံစံကို အခြေခံမှစ၍ ပြောင်းလဲစေခဲ့ပြီး ဒေတာပမာဏ အမြောက် အမြားနှင့် Computing Power လိုအပ်ချက်ကို မကြုံစဖူး တိုးတက်စေခဲ့သည်။
ယခုကဲ့သို့ ကြီးမားသည့် အသွင်ကူးပြောင်းမှုကို အိန္ဒိယ၏ နည်းပညာနယ်ပယ် တိုးတက်လာမှုများတွင် ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်း IT နှင့် စီးပွားရေးဝန်ဆောင်မှု ဈေးကွက်တန်ဖိုးသည် ဒေါ်လာ ၆၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း စုစုပေါင်း IT အသုံး စရိတ်မှာ ဒေါ်လာ ၁၇၆.၃ ဘီလီယံအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
AI၊ ကလောက်စနစ်၊ ဒေတာအင်ဂျင်နီယာနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို ကဏ္ဍစုံ၌ ပိုမို သုံးစွဲလာကြသဖြင့် ဆော့ဖ်ဝဲထုတ်ကုန် စက်မှုလုပ်ငန်း တန်ဖိုးသည် ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ဘီလီယံ ၁၀၀ အထက်သို့ ကျော်လွန်လာမည်ဖြစ်သည်။ လုပ်ငန်းများ၊ အစိုးရနှင့် စားသုံးသူ ပြည်သူများ ပိုမို ချိတ်ဆက်မိလာသည်နှင့်အမျှ ဒေတာပမာဏများစွာကို စီမံခန့်ခွဲခြင်း၊ သိမ်းဆည်းခြင်းနှင့် လုံခြုံရေး ယူပေးနိုင်ခြင်းတို့သည် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း၏ အဓိက သော့ချက်ဖြစ်လာသည်။
အဆိုပါ ဒစ်ဂျစ်တယ် တော်လှန်ရေး၏ ဗဟိုချက်တွင် လူထုမျက်စိရှေ့၌ တိုက်ရိုက် မမြင်တွေ့ရ သော်လည်း မရှိမဖြစ် ဗျူဟာမြောက် အရေးပါနေသည့် အရာတစ်ခုရှိသည်။ ထိုအရာမှာ “ဒေတာစင်တာ” များ ဖြစ်သည်။ တစ်ချိန်က နောက်ကွယ်မှ အကူအညီပေးသည့် အဆောက်အအုံများအဖြစ်သာ သတ်မှတ်ခဲ့ကြသော ဒေတာစင်တာများသည် ယခုအခါ ကလောက်စနစ်များ၊ ငွေပေးချေမှု ကွန်ရက်များ၊ စီးပွားရေး လုပ်ငန်းသုံး အက်ပ်များ၊ ဗီဒီယို ကြည့်ရှုသည့် ဝန်ဆောင်မှုများနှင့် AI လုပ်ငန်းစဉ်များကို မောင်းနှင်ပေးနေသည့် နိုင်ငံအဆင့် အရေးပါသော အခြေခံအဆောက်အအုံများ ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် အိန္ဒိယ၏ ဒေတာစင်တာ ကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းသည် နိုင်ငံ၏ ဒစ်ဂျစ်တယ် ရည်မှန်းချက်များကို ထိရောက်စွာ ပုံဖော်ပေးလျက်ရှိသည်။ AI နှင့် ကလောက်စနစ်များ၏ လိုအပ်ချက် လျှင်မြန်စွာ မြင့်တက်လာသည်နှင့်အမျှ ဒေတာစင်တာများသည် စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုခြင်း၊ တန်ဖိုးမြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းနှင့် ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာကို ခိုင်မာစေခြင်းတို့ဖြင့် အိန္ဒိယကို ဒေသတွင်း ဒစ်ဂျစ်တယ် စီးပွားရေး၏ အဓိက ဗဟိုချက်ဖြစ်လာစေရန် တွန်းပို့ပေးနေသည်။
အိန္ဒိယ ဒေတာစင်တာ အခင်းအကျင်း မြင့်တက်လာပုံ
လက်ရှိ အိန္ဒိယတွင် လည်ပတ်နေသည့် ဒေတာစင်တာပေါင်း ၂၇၁ ခုခန့် ရှိပြီး တပ်ဆင်ထားသည့် လျှပ်စစ်ဓာတ်အား ပမာဏမှာ ၁.၅၇ GW မှ ၁.၇၉ GW (ဂစ်ဂါဝပ်) ခန့် ရှိသည်။ စွမ်းအင်၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်နှင့် ရေထုဆိုင်ရာ ကောင်စီ (CEEW) ၏ ခန့်မှန်းချက်အရ ၂၀၂၅ နှစ်လယ်ပိုင်းက ၁.၅ GW ခန့်ရှိခဲ့သော ဒေတာစင်တာ ပမာဏသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ၄.၅ GW မှ ၆.၅ GW အထိ မြင့်တက်လာဖွယ် ရှိသည်။
ရှေ့လာမည့် ၂ နှစ်အတွင်း အိန္ဒိယ၏ ဒေတာစင်တာ ပမာဏမှာ နှစ်ဆအထိ တိုးတက်လာနိုင်ပြီး ၂၀၃၀ အရောက်တွင် ၅ ဆအထိ တိုးတက်လာမည်ဟု စက်မှုလုပ်ငန်းခန့်မှန်းချက်များက ဆိုထားရာ မကြုံစဖူး ကြီးမားသည့် အခြေခံအဆောက်အအုံ တည်ဆောက်မှုကြီး ဖြစ်လာမည်ဖြစ်သည်။
ပထဝီဝင်အနေအထားအရ အိန္ဒိယ၏ ဒေတာစင်တာများသည် အဓိက မြို့ကြီးအချို့ကို ဗဟိုပြု၍ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ မွန်ဘိုင်းမြို့ သည် လျှပ်စစ်ဓာတ်အားစရိတ် သက်သာခြင်း၊ အင်တာနက် ကွန်ရက်ကောင်းမွန်ခြင်းနှင့် ပင်လယ်ရေအောက် ကေဘယ်လ်လိုင်းများနှင့် နီးကပ်ခြင်းတို့ကြောင့် တပ်ဆင်ထားသည့် IT ပမာဏ 650 MW ခန့်ဖြင့် နိုင်ငံ၏ အကြီးမားဆုံး ဒေတာစင်တာ ဗဟိုချက်အဖြစ် ဆက်လက် ရပ်တည်နေသည်။
ချင်းနိုင်း၊ ဒေလီ (NCR)၊ ဘန်ဂလူရူ၊ ဟိုက်ဒရာဘတ်နှင့် ကာလကတ္တား မြို့များကလည်း အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်နေပြီး အဆိုပါမြို့ကြီး ၆ မြို့ ပေါင်းစည်းလိုက်ပါက နိုင်ငံတစ်ဝန်းရှိ ဒေတာစင်တာများ၏ သုံးပုံနှစ်ပုံခန့်ကို လွှမ်းမိုးထားကာ ဒစ်ဂျစ်တယ် စီးပွားရေး၏ ကျောရိုး ဖြစ်လာ သည်။
အထူးသဖြင့် မွန်ဘိုင်းမြို့သည် ကမ္ဘာ့အဆင့်မီ ဒေတာစင်တာ အခြေစိုက်ရာ မြို့ဖြစ်လာခြင်းမှာ ထင်ရှားသည်။ ဆောက်လုပ်ရေးစရိတ် သက်သာပြီး လျှပ်စစ်မီတာခ သက်သာသည့်အတွက် ကမ္ဘာ့နည်း ပညာကုမ္ပဏီကြီးများ၊ ကလောက် ဝန်ဆောင်မှုပေးသူများနှင့် ရင်းနှီးမြှုပ်နှံသူများထံမှ အမြောက်အမြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ခဲ့သည်။
AI နှင့် ကလောက်စနစ်က မောင်းနှင်သည့် ရင်းနှီးမြှုပ်နှံမှု ရေလှိုင်းသစ်
အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၏ “ကမ္ဘာ့ဒေတာ အားလုံးကို အိန္ဒိယ၌ အခြေစိုက်သိမ်းဆည်းမည်” ဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် Amazon၊ Google နှင့် Microsoft တို့ကဲ့သို့ ကမ္ဘာ့နည်းပညာ ဘီလူးကြီးများသည် အနောက်ဘက် မဟာရဋ္ဌ ပြည်နယ်မှသည် တောင်ဘက် အန္ဓရ ပရာဒေးရှ် ပြည်နယ်အထိ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံလာကြသည်။
Google သည် အမေရိကန်ပြင်ပတွင် အကြီးမားဆုံးဖြစ်မည့် ၁ ဂစ်ဂါဝပ် (1 GW) ပမာဏရှိ ဒေတာစင်တာကို ဗိသကာပတ္တနမ် (Visakhapatnam) မြို့၌ တည်ဆောက်ရန်အတွက် ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု အဆိုပြုထားသည်။ အဆိုပါလုပ်ဆောင်မှုသည် အိန္ဒိယတွင် အကြီးမားဆုံး နည်းပညာ ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခုဖြစ်ပြီး တည်ဆောက်ရန် စီစဉ်ထားသည့် “AI မြို့တော်” (AI City) စီမံကိန်း၏ အဓိက ဒေါက်တိုင် ဖြစ်လာမည်ဖြစ်သည်။
ထို့ပြင် Reliance Industries က အန္ဓရ ပရာဒေးရှ် ပြည်နယ်၌ 1 GW ရှိ AI အဓိကထား ဒေတာစင်တာအတွက် ဒေါ်လာ ၁၁.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကြေညာထားသလို၊ Adani Group ကလည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး AI ဒေတာစင်တာများအတွက် လာမည့် ၁ ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၁၀၀ အထိ သုံးစွဲသွားရန် စီစဉ်ထားသည်။
အလားတူ OpenAI နှင့် Tata Group တို့ ပူးပေါင်း၍ အဆင့်မြင့် AI ကွန်ပျူတာစနစ်များ တည်ဆောက်ရေး လုပ်ဆောင်နေခြင်းက အိန္ဒိယသည် အဆင့်မြင့် AI နှင့် စွမ်းဆောင်ရည်မြင့် နည်းပညာများအတွက် အရေးပါသည့် ဗဟိုချက် ဖြစ်လာကြောင်း သက်သေဖြစ်လာသည်။
ထိုသို့ ရင်းနှီးမြှုပ်နှံမှုများသည် AI လုပ်ငန်းစဉ်များ၊ ကလောက်စနစ်များ၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဒေတာအမြောက်အမြား သုံးစွဲသည့် အက်ပ်များကြောင့် ဖြစ်ပေါ်လာသည့် အခြေခံအဆောက်အအုံ တိုးချဲ့ခြင်းအစိတ်အပိုင်းများပင် ဖြစ်သည်။ အိန္ဒိယသည် ရှေ့လာမည့် နှစ်များအတွင်း AI ဆိုင်ရာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ဘီလီယံ ၂၀၀ အထိ ဆွဲဆောင်နိုင်မည်ဟု ခန့်မှန်းထားသဖြင့် ကမ္ဘာပေါ်တွင် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ အလျင်မြန်ဆုံး တိုးတက်နေသည့် နိုင်ငံများစာရင်းတွင် ပါဝင်လာသည်။
ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများသည် အိန္ဒိယ၏ အဆင့်မြင့် AI မော်ဒယ်များ၊ ကလောက် ပလက်ဖောင်း များနှင့် အဓိက ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ၏ ကိုယ်တိုင်မောင်းနှင်နိုင်စွမ်းကို တိုးတက် စေကာ အာရှ-ပစိဖိတ် ဒေသတစ်ခုလုံး၏ နည်းပညာနှင့် ဒေတာ ဗဟိုချက်အဖြစ် ရောက်ရှိစေမည်ဖြစ်သည်။
အနာဂတ် ရေရှည်တည်တံ့ရေးနှင့် စိန်ခေါ်မှုများ
အလုပ်အကိုင် ဖန်တီးနိုင်မှုနှင့် စီးပွားရေး တန်ဖိုးဖန်တီးမှုတွင်လည်း သက်ရောက်မှုမှာ ကြီးမားလှသည်။ ကမ္ဘာ့နည်းပညာ ကုမ္ပဏီများက သုတေသနနှင့် ဝန်ဆောင်မှု စင်တာများကို ဆက်လက် တိုးချဲ့နေ သည့်အတွက် IT ကဏ္ဍ၌ အလုပ်အကိုင် သစ်များ စဉ်ဆက်မပြတ် တိုးတက်လာမည်ဖြစ်သည်။ အိန္ဒိယ၏ ကလောက် စက်မှုလုပ်ငန်း တစ်ခုတည်းကပင် ၂၀၂၆ ခုနှစ်အရောက်တွင် အလုပ်အကိုင်ပေါင်း ၁၄ သန်းခန့် ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားသည်။
ဒေတာစင်တာများသည် စွမ်းအင်သုံးစွဲမှု အလွန်မြင့်မားသည့် အခြေခံအဆောက်အအုံများ ဖြစ်ကြပြီး AI သုံးစွဲမှု များပြားလာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အားနှင့် အအေးပေးစနစ် လိုအပ်ချက်မှာလည်း ပိုမိုကြီးမားလာသည်။ ထို့ကြောင့် အိန္ဒိယသည် ရေရှည်တည်တံ့ခိုင်မြဲရေး ကို အလေးထား လုပ်ဆောင် လာပြီး အိန္ဒိယ၏ စံချိန်စံညွှန်း ဗျူရိုက ISO/IEC အပြည်ပြည်ဆိုင်ရာ စံနှုန်းများကို အခြေခံ၍ ဒေတာစင်တာများ၏ လျှပ်စစ်သုံးစွဲမှု၊ အအေးပေးစနစ် ထိရောက်မှု၊ ရေသုံးစွဲမှုနှင့် ကာဗွန်ထုတ်လွှတ် မှုများကို တိုင်းတာစစ်ဆေးသည့် စံနှုန်းများ ထုတ်ပြန်ပေးထားသည်။
ထို့ပြင် အစိုးရအနေဖြင့် ဒေတာစင်တာများမှတစ်ဆင့် ကလောက်ဝန်ဆောင်မှု ပေးမည့် နိုင်ငံခြား ကုမ္ပဏီများကို ၂၀၄၇ ခုနှစ်အထိ အခွန်ကင်းလွတ်ခွင့် ပေးရန် အဆိုပြုထား၍ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အဓိက အားသာချက် ဖြစ်လာသည်။ ၂၀၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အိန္ဒိယ၏ ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (DPDP Act, 2023) ကလည်း ဒေတာ စီမံခန့်ခွဲမှု၊ ကိုယ်ရေးအချက် အလက် လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ဒေတာစီးဆင်းမှုများအတွက် မူဝါဒများ ဖန်တီးပေးလိုက်သဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပိုမို ရရှိစေခဲ့သည်။
အိန္ဒိယ၏ ဒေတာစင်တာ တော်လှန်ရေးသည် အခြေခံအဆောက်အအုံ တည် ဆောက်ရေး သက်သက် မဟုတ်တော့ပဲ ကွန်ပျူတာ စွမ်းအားနှင့် အင်တာနက် ချိတ်ဆက်မှုများကို တိုးတက်မှု၏ အဓိက စက်ရှိန်များအဖြစ် အသုံးပြုကာ ဒစ်ဂျစ်တယ် စီးပွားရေးဆီသို့ အပြည့်အဝ ကူးပြောင်းနေခြင်း ဖြစ်သည်။ အိန္ဒိယသည် ပြည်တွင်း လိုအပ်ချက်ကိုသာမက တစ်ကမ္ဘာလုံးနှင့် အာရှ-ပစိဖိတ် ဒေသတစ်ခုလုံး၏ ‘ဒစ်ဂျစ်တယ် ဘဝများကို နောက်ကွယ်မှ မောင်းနှင်ပေးနေသည့် အင်ဂျင်ကြီးများ’ ကို အခြေစိုက် လာစေပြီး ဒေသတွင်း ဒစ်ဂျစ်တယ် အင်အားကြီးနိုင်ငံအဖြစ်သို့ ခြေလှမ်းကျဲကျဲဖြင့် တက်လှမ်းနေပြီ ဖြစ်သည်။
(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသော သုတေသီတစ်ဦး ဖြစ်ပါသည်။)