ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများက နာမည်ခံပိုင်ရှင် (Nominee) များ အသုံးပြု၍ တရားမဝင် မြေယာပိုင်ဆိုင်ထားသည့် ဖြစ်စဉ်များကို လာမည့် ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ အပြီးသတ် စုံစမ်းစစ်ဆေးသွားရန် ထိုင်းဝန်ကြီးချုပ် အနုထင် ချာန်ဗီရကူးလ်က ခရိုင်အုပ်ချုပ်ရေးမှူးအသီးသီးသို့ အမိန့်ပေး ညွှန်ကြားထားကြောင်း သိရသည်။
နိုင်ငံခြားသားများ၏ တရားမဝင် မြေယာပိုင်ဆိုင်မှုများ တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး တရားမဝင် ရယူထားသည့် မြေပိုင်ဆိုင်ခွင့် စာချုပ်များကိုပါ ပြန်လည် ရုပ်သိမ်းသွားရန် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ စုံစမ်းစစ်ဆေးမှုများအရ သံသယဖြစ်ဖွယ် မြေယာပိုင်ဆိုင်မှုများနှင့် ပတ်သက်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စုစုပေါင်း ၁၃,၀၈၈ ခုကို စိစစ်တွေ့ရှိထားပြီး ယင်းအနက် ၁,၅၅၀ ခုမှာ နိုင်ငံခြားသားများ တရားမဝင် ရှယ်ယာပါဝင်နေသည့် ကုမ္ပဏီများဖြစ်ကာ ကျန် ၁၁,၅၃၈ ခုမှာ နိုင်ငံခြားသားများအတွက် နာမည်ခံ၍ မြေယာဝယ်ယူပေးထားသည့် ဖြစ်စဉ်များ ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်မြို့ရှိအစိုးရအဖွဲ့ရုံး၌ ကျင်းပသည့်နိုင်ငံခြားသားများ တရားမဝင်မြေပိုင်ဆိုင်မှု နှိမ်နှင်းရေး စီမံချက်အကြောင်း စတင်မိတ်ဆက်စဉ်တွင် ဝန်ကြီးချုပ်အနုထင်က ယခုလို ပြောကြားခဲ့သည်။
“ဒီလုပ်ငန်းတွေရဲ့ နောက်ကွယ်မှာရှိတဲ့သူတွေက အများအားဖြင့် အရေးပါတဲ့သူတွေ ဖြစ်ကြတယ်။ သူတို့က သာမန်လူတွေ မဟုတ်ဘဲ အာဏာရှိတဲ့သူတွေဖြစ်ပေမဲ့ အစိုးရရဲ့ အာဏာထက် ပိုကြီးတဲ့ အာဏာတော့ မရှိပါဘူး” ဟု အနုထင်က ပြောသည်။
စုံစမ်းစစ်ဆေးမှုများအရ လက်ရှိ ကာလပေါက်ဈေး ဘတ် ၁၄.၀၁ ဘီလီယံခန့် တန်ဖိုးရှိသည့် မြေဧရိယာ ၅,၄၆၇ ရိုင် (စတုရန်းကီလိုမီတာ ၈.၇၅ ခန့်) ကို မဖြစ်မနေ ပြန်လည်ရောင်းချစေမည့် ဥပဒေကြောင်းအရ အရေးယူမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားများ၏ တရားမဝင် မြေရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်သူများကို ပြည်နှင်ဒဏ်ပေးခြင်း၊ ထိုင်းနိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း၊ ငွေကြေးခဝါချမှုနှင့် အခွန်ရှောင်မှုများဖြင့် တရားစွဲဆိုခြင်းတို့ ပြုလုပ်မည်ဖြစ်ပြီး ပိုင်ဆိုင်ထားသည့် မြေများကိုလည်း အခြားသူထံ လွှဲပြောင်းခွင့်မပြုဘဲ ချက်ချင်း ရောင်းချစေမည်ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းကလည်း ဘန်ကောက်မြို့ရှိ အဆင့်မြင့် အိမ်ရာဝင်း လေးခုမှ နေရာ ၁၇ ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသားများ အပါအဝင် သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး ဘတ် ၆ ဘီလီယံကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ကိုးကား – Bangkok Post