‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၀ရက်
‎
‎စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စုရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီအမျိုးသားတပ် SNA ခြေကုတ်တပ်စွဲရာ စခန်းကို KIAက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
‎
‎ပြီးခဲ့သည့် အောက်တိုဘာ ၁၈ရက်က တောင်ဦးကျေးရွာအုပ်စု၊ တာမယ်ပုတ်ရွာမှ ရှမ်းနီ စခန်းကို KIAက ဝင်ရောက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများပါ ရရှိခဲ့သည်ဟု ကချင်သတင်းရင်းမြစ်များထံမှ သိရသည်။
‎
‎”ဟုမ္မလင်းနဲ့ ဖားကန့်အစပ် ဥရုချောင်းတလျောက်ရွာတွေမှာ တိုက်ပွဲဖြစ်နေတာ တစ်ပတ်နီးပါးရှိပြီ။ SNA ခြေကုတ်ရွာကို KIAသိမ်းလိုက်တယ်ကြားတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
‎စစ်တပ်က ကချင်တိုက်ပွဲများတွင် ရှမ်းနီပြည်သူ့စစ်များကို အများအပြားအသုံးပြုလာပြီး လတ်တလောတွင် ခေါင်လန်ဖူးမြို့နယ်၊ အမတ်ပေါ်ဒေသ၊ ရှိန်းဇွတ်ဒမ်းကျေးရွာ အနီးတဝိုက်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ အင်အားအများအပြားနှင့် ဝင်ရောက်နေကြောင်း သိရသည်။
‎
‎ပြီးခဲ့သည့်ရက်ပိုင်းကလည်း အမတ်ပေါ်ကျေးရွာအနီး နယ်ခြားစောင့် မှတ်တိုင် BP ၃၀ကို ကြီးကြပ်ရန်လာသည့် ဗျူဟာမှူးနှင့် G1တို့ KIA၏ လက်နက်ကြီး ထိမှန်ကာ ခေါင်လန်ဖူးမှတဆင့် လေယာဉ်များဖြင့် အလောင်းပြန်သယ် ခဲ့ရသည်။
‎
‎ထို့အပြင် ဖားကန့်ဒေသတွင်လည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၃ လက်အောက်ခံတပ်များသည် လုံးခင်းဆေးရုံဟောင်းကုန်းနှင့် မှော်စီဆာ ဘုန်းကြီးကျောင်းတွင် အင်အားရာချီ တပ်ဖြန့်လာကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။