ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်

 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းရာတွင် ငွေကြေးလိမ်လည်မှုစွဲချက်ရှိသူ၊ လောင်းကစားသမားနှင့် လာဘ်စားမှုဖြင့် ထုတ်ပယ်ခံရသူ ရဲပြုတ်များအား တာဝန်ပေးအပ်ထားခြင်းအပေါ် မြို့ခံများက မကျေမနပ်ဖြစ်နေကြကြောင်း ဒေသခံများထံက သတင်းရရှိသည်။

 

ကုန်သည်များနှင့် တောင်သူ ၂၀ ကျော်ထံမှ ကျပ်သန်း ခုနှစ် သောင်းကျော် မဆပ်နိုင်ဘဲ နှစ်နှစ်နီးပါး ကြာမြင့်နေသည့် ပွဲရုံလုပ်ငန်းရှင် ကိုမြင့်သိန်းဦးအား စည်ပင်ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းအား ယခုနှစ်ကုန်အထိ ငွေမဆပ်ပါက အမှုဖွင့်ရန် ပြင်ဆင်နေကြပြီး အဆိုပါ ကိစ္စကြောင့် ဟင်္သာတကုန်စည်ဒိုင်ဥက္ကဌ ဖြစ်သူ ၎င်း၏ညီဖြစ်သူပင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

 

“သူက အုပ်ချုပ်ရေးအကြီးအကဲတွေနဲ့ ပေါင်းနေတော့ အကြွေးရမယ့်သူတွေက အမှုမဖွင့်ရဲဘဲ စောင့်နေကြရတာပါ။ သူ့ကို အမှုဖွင့်ရင် ၅၀၅ နိုင်ငံရေးအမှုနဲ့ ပြန်ဆွဲမှာ ကြောက်နေကြတယ်” ဟု ဒေသခံ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ထို့အပြင် စည်ပင်အဖွဲ့ဝင်များအဖြစ် တင်မြောက်ခံရသူ ကိုမျိုးအောင် (ခ) အောင်ကြီးမှာ လောင်းကစားလုပ်သူဖြစ်ပြီး၊ အခြားအဖွဲ့ဝင် ကိုအောင်ကျော်ဌေးမှာလည်း သတင်း ရဲတပ်ဖွဲ့တွင် လာဘ်စားမှုဖြင့် ထုတ်ပယ်ခံထားရသူ ဖြစ်သည်။

 

အထက်ဖော်ပြပါ သုံးဦးကို စည်ပင်နှင့် စီမံခန့်ခွဲရေး အဖွဲ့များတွင် ခန့်ထားမှုအပေါ် ဒေသခံများက ကျေနပ်မှုမရှိဘဲ ရွေးတုအစိုးရထံ တင်ပြထားကြောင်း ဒေသခံများကပြောဆိုသည်။

 

ဓာတ်ပုံ-ဟင်္သာတ စည်ပင်ကော်မတီ အဖွဲ့ဝင်များ