ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်

ကုန်စျေးနှုန်း ကြီးမြင့်မှုနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု အားနည်းချက်တွေကြောင့် အီတလီနိုင်ငံ၊ မီလန်မြို့မှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ အထိ စေလွှတ်မယ်လို့ အီတလီအစိုးရက ကြေညာလိုက်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့နဲ့ ထိခိုက်မှုတွေ ဖြစ်ပွားခဲ့သလို ဆိုင်အချို့ လုယက်ခံရတာနဲ့ ဖျက်ဆီးခံခဲ့ရတာကြောင့် မီလန်မြို့တော် လုံခြုံရေးအတွက် အခုလို စစ်တပ်စေလွှတ်ဖို့ ပြင်ဆင်ရတာလို့ ဒုတိယဝန်ကြီးချုပ် မက်တီယိုဆာလ်ဗီနီက ပြောပါတယ်။

ဆန္ဒပြပွဲတွေ ပိုမိုဆိုးရွားလာမှာကို စိုးရိမ်တာကြောင့် မီလန်မြို့လယ်ရှိ နာမည်ကြီး စတိုးဆိုင်တွေဟာ ဆိုင်ခွဲတွေကို အစောစီးပိတ်သိမ်းပြီး ပစ္စည်းတွေကို ရွှေ့ပြောင်းတာ၊ မှန်ပြတင်းပေါက်တွေကို ပျဉ်ပြားတွေနဲ့ ကာရံတာတွေ ပြုလုပ်ခဲ့ပါတယ်။

စနေနေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ နောက်ပိုင်းမှာ အကြမ်းဖက်မှုအဖြစ် ကူးပြောင်းသွားခဲ့ပြီး မျက်နှာဖုံးစွပ် လူငယ်အများအပြားက အမှိုက်ပုံးတွေကို မီးရှို့တာနဲ့ ဆိုင်တွေကို ဝင်ရောက်လုယက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

Decathlon အားကစားပစ္စည်းဆိုင်နဲ့ Vodafone ဖုန်းဆိုင်အပါအဝင် အဝတ်အထည်ဆိုင် အများအပြား လုယက်ဖျက်ဆီးခံခဲ့ရတယ်လို့ ရုပ်သံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမေလိုနီက အကြမ်းဖက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက် တနင်္ဂနွေနေ့က မီလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေအတွင်း လူငယ် ၂၇၁ ဦးကို ခေတ္တထိန်းသိမ်းခဲ့ပြီး လူ ၃၂ ဦးကို အရေးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဆန္ဒပြပွဲတွေဟာ မီလန်မြို့တင်မက ဘိုလော့ဂ်နာ၊ ဘရက်ရှားနဲ့ တူရင် စတဲ့ မြောက်ပိုင်းမြို့ကြီးတွေကိုပါ ကူးစက်ခဲ့ပြီး လူအများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။

အီတလီအစိုးရက အရွယ်မရောက်သေးသူ လူငယ်တွေရဲ့ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ ဘက်ပေါင်းစုံမှ တင်းကြပ်တဲ့ ဥပဒေရေးရာ အရေးယူမှုတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။

လူနေမှုစရိတ် မြင့်မားမှုနဲ့ အစိုးရရဲ့ ဝန်ဆောင်မှုတွေအပေါ် မကျေနပ်ကြတဲ့ အလားတူ ဆန္ဒပြပွဲတွေဟာ အိမ်နီးချင်း ပြင်သစ်နိုင်ငံမှာလည်း ဖြစ်ပွားနေပါတယ်။

လက်ရှိမှာ မီလန်မြို့လယ် ကုန်ဝယ်စင်တာတွေနဲ့ စီးပွားရေးဇုန်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်။

News: The Guardian
Ref; Milan luxury shops close as Italy prepares to deploy troops in the city after days of protests