ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်

ဩစတြေးလျနိုင်ငံဟာ ရေမြုပ်မိုင်းတွေနဲ့ ဒရုန်းတွေကို သယ်ဆောင်နိုင်မယ့် မောင်းသူမဲ့ ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသလိုက်ပါတယ်။

Ghost Shark လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘောဟာ ရေမြုပ်မိုင်း ၁၂ လုံးနဲ့ ဝေဟင်မှ ထောက်လှမ်းတိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေကို သယ်ဆောင်နိုင်ပါတယ်။

အထူးတပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ စစ်လက်နက်တွေကို သယ်ဆောင်ပေးနိုင်မယ်လို့ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ပတ်တ်ကွန်ရွိုင်က အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။
ဒီရေငုပ်သင်္ဘောနဲ့ ဒရုန်းတွေကို အမေရိကန် စစ်ဘက်ဆိုင်ရာ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Anduril Industries က ထုတ်လုပ်ပေးတာဖြစ်ပါတယ်။

ဩစတြေးလျအစိုးရဟာ သတင်းအချက်အလက် စုဆောင်းတာ၊ ကင်းလှည့်ထောက်လှမ်းတာနဲ့ တိုက်ခိုက်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်မယ့် အဆိုပါဒရုန်းတွေကို ဝယ်ယူဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ဩစတြေးလျဒေါ်လာ ၂ ဘီလီယံနီးပါး အသုံးစရိတ် လျာထားခဲ့တာပါ။

ရှုပ်ထွေးတဲ့ စစ်ဆင်ရေးတွေကို ဆောင်ရွက်နိုင်တဲ့ အဆိုပါ ရေငုပ်သင်္ဘောတွေကို လက်ရှိမှာ အရှိန်ဟုန်မြှင့် ထုတ်လုပ်ပေးနေပြီလို့ သိရပါတယ်။

ဩစတြေးလျအစိုးရဟာ ဒီရေငုပ်သင်္ဘောတွေအပြင် အခြားသော စစ်ဘက်သုံး စနစ်တွေမှာလည်း မြောက်မြားစွာ ရင်းနှီးမြှုပ်နှံလျက် ရှိပါတယ်။

ပင်လယ်ပြင်မှာ အချိန်ကြာမြင့်စွာ ကင်းလှည့်နိုင်တဲ့ ဘလူးဘော့တဲလ်လို့ခေါ်တဲ့ သေးငယ်တဲ့ ထောက်လှမ်းရေး ရေယာဉ်တွေ ထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ထားပါတယ်။

ရေငုပ်သင်္ဘောတွေကို ထောက်လှမ်းရှာဖွေနိုင်မယ့် ဆိုနာစနစ်တွေကိုလည်း အဆိုပါ ဘလူးဘော့တဲလ်ရေယာဉ်တွေမှာ တပ်ဆင်သွားမှာပါ။

အဆိုပါ စစ်ဘက်သုံးစနစ်အချို့ကို ဆန်ဒီယေဂိုမြို့အနီးမှာ ကျင်းပမယ့် စစ်ရေးလေ့ကျင့်မှုတွေမှာ စမ်းသပ်သွားမယ်လို့ သိရပါတယ်။

ဩစတြေးလျဟာ ကျယ်ပြန့်လှတဲ့ ပင်လယ်ပြင် နယ်နိမိတ်ကို ကင်းလှည့်ဖို့နဲ့ လျှော့ချလိုက်ရတဲ့ စစ်ရေယာဉ်အင်အားကို အစားထိုးဖို့အတွက် ရေတပ်သုံး ဒရုန်းတွေ ထုတ်လုပ်မှုမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပါတယ်။

News: Bloomberg
Ref; Australia says unmanned submarine to carry mines, aerial drones