ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ ထိန်းသိမ်းထားသည့် ရွေးတုအစိုးရစစ်တပ် စစ်သုံ့ပန်း ၁၆ ဦးသည် စစ်သုံ့ပန်းစာရင်းမှ ပယ်ဖျက်ခံရပြီးနောက် ၎င်းတို့၏ ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအဖြစ် ခံယူခွင့် ရရှိခဲ့ကြောင်း သိရသည်။

ရွေးတုအစိုးရစစ်တပ်မှ စစ်သုံ့ပန်း ၁၆ ဦးသည် အထူးတိုင်းစစ်ဌာန၏ သုံ့ပန်းစခန်း၌ ထိန်းသိမ်းခံထားရစဉ်အတွင်း တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၊ တော်လှန်ရေး တိုက်ပွဲများတွင် ပါဝင်ခြင်းနှင့် စစ်ရာဇဝတ် မှု ကင်းရှင်းသူများ ဖြစ်ခြင်းတို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ထောက်ခံမှုဖြင့် PDF တပ်မတော်သားများအဖြစ် ခံယူလိုကြောင်း အဆိုပြုခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ အဆိုပြုချက်အတိုင်း စစ်သုံ့ပန်းစာရင်းမှ ပယ်ဖျက်ပေးခဲ့ကာ မိမိဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအဖြစ် ပြောင်းလဲခံယူခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၁၉ ရက်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် ဖမ်းဆီးရမိထားသည့် ရွေးတုအစိုးရစစ်တပ် စစ်သုံ့ပန်းများကို စစ်ဥပဒေနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအတိုင်း စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ-MOD