ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ရဲစခန်းအပိုင် ကဇန်းစစ်ဆေးရေးဂိတ်အနီးတွင် ဆားမလောက်စခန်းမှ နယ်ထိန်းနှင့် တပည့်ဖြစ်သူတို့က ခရီးသွားပြည်သူတစ်ဦးအား ရိုက်နှက်သတ်ဖြတ်ကာ ငွေကျပ် ၂၁ သိန်းကို လုယူသွားခဲ့ကြပြီးနောက် မိသားစုထံ အကြောင်းမကြားဘဲ ရုပ်အလောင်းကိုပါ မီးရှို့ဖျောက်ဖျက်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့ ည ကိုးနာရီ သုံးဆယ်မိနစ်ခန့်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေ ဦးမျိုးမြင့်မှာ ကားစောင့်ဆိုင်းနေစဉ် အရက်မူးယစ်နေကြသည့် နယ်ထိန်း မြဘုန်းအောင်နှင့် တပည့်ဖြစ်သူတို့ ရောက်ရှိလာပြီး လွယ်အိတ်အတွင်း ငွေကျပ် ၂၁ သိန်း ပါလာသည်ကို မသင်္ကာဟူသော အကြောင်းပြချက်ဖြင့် ရဲစခန်းသို့ လိုက်ရန် မူးရူးဆဲဆိုကာ ဖိအားပေးခဲ့ကြကြာင်းသတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။
ထိုသို့ ဖိအားပေးစဉ် သေဆုံးသူက ကုန်ဖိုးငွေလာယူပြီး ကားစောင့်နေခြင်းဖြစ်ကြောင်း ရှင်းပြသော်လည်း နယ်ထိန်းဖြစ်သူက လက်သီးဖြင့်ထိုးနှက်ခြင်း၊ တပည့်ဖြစ်သူက ရင်ဝကို ဆောင့်ကန်ခြင်းတို့ကြောင့် အနီးရှိ ရေထဲသို့ ပြုတ်ကျသွားခဲ့သည်။ ထို့နောက် နယ်ထိန်းနှင့် တပည့်တို့က ရေထဲအထိ လိုက်ဆင်းကာ လက်ထိပ်ခတ်ရန် ကြိုးပမ်းသော်လည်း မရရှိသဖြင့် ဓားဖြင့် နောက်ကျောနှင့် မျက်နှာတို့ကို ထိုးနှက်ခဲ့ရာ နှုတ်ခမ်းကိုပါထိုးသွင်းခဲ့၍ ထိခိုက်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် အသက်ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် သေဆုံးသူ၏ လွယ်အိတ်အတွင်းပါရှိသည့် ငွေကျပ် ၂၁ သိန်းကို ယူဆောင်ကာ ရဲစခန်းသို့ ပြန်သွားခဲ့ကြပြီး မိုးလင်းချိန်တွင် စခန်းမှူး ဒုရဲအုပ် ထိန်လင်းနှင့် နယ်ထိန်း မြဘုန်းအောင်တို့ အပါအဝင် ရဲ ငါးဦးခန့် ပြန်လည်ရောက်ရှိလာကာ ရေနစ်သေဆုံးသည်ဟု အကြောင်းပြချက်ပေး၍ သေဆုံးသူ၏ မှတ်ပုံတင်ပါရှိသော်လည်း မိသားစုထံ အသိမပေးဘဲ အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါ နယ်ထိန်း မြဘုန်းအောင်မှာ ယမန်နှစ်ကလည်း ကဇန်းဂိတ်တွင် မူးယစ်သောက်စားကာ ကားသမားများထံမှ ငွေကြေးညှစ်ထုတ်ပြီး ပြည်သူတစ်ဦးထံမှ ငွေကျပ် ၈ သိန်း တောင်းယူခဲ့ဖူးသူဖြစ်ကြောင်း၊ ထိုစဥ်က ရွေးတုအစိုးရစစ်တပ်၏ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တိုင်ကြားခံရသဖြင့် ချောင်းကြီးရဲစခန်းသို့ ခေတ္တပြောင်းရွှေ့ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြန်လည်ခေါ်ယူကာ
ငွေတောင်းသည့်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။