ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
စပါးစိုက်လယ်ဧကခြောက်သောင်းနီးပါးပျက်စီးသွားသော ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့်လယ်မြေများတွင် ရေဝပ်ကျန်ခဲ့သဖြင့် စိုက်ပျိုးရေးပြန်လည်စတင်နိုင်ရန် လယ်သမားများအခက်အခဲကြုံတွေ့နေရကြောင်းသတင်းရရှိသည်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အပါအဝင် ငါး မြို့နယ်တွင် ငဝန်မြစ်ရေကာတာကျိုးမှုကြောင့် နှစ်လနီးပါး ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ စပါးဧက ခြောက်သောင်းနီးပါး ရေနစ်မြှပ်ပျက်စီးသွားရခြင်းဖြစ်သည်။
လက်ရှိလယ်ဧကများတွင် ရေဝပ်ကျန်နေသောကြောင့် စပါးအစားထိုးပဲစိုက်ရန်လည်း အဆင်မပြေသေးကြောင်း၊ ရေခြောက်သည့်အထိစောင့်လျှင် ရာသီကုန်ဆုံးနိုင်မည်ဖြစ်ကြောင်း ရေကြည်ဒေသခံလယ်သမားများထံက သိရသည်။

“မိုးမပြတ်တော့ပဲစိုက်ဖို့အတွက် မြေအနေအထားကအဆင်မပြေဘူး။ ရေစပ်စပ်ရှိနေတယ်။ ရေခြောက်တဲ့အထိစောင့်မယ်ဆိုရင် ထွန်စက်ဆင်းနိုင်တဲ့အထိဆိုရင်လည်း ရာသီနောက်ကျမယ်။ စပါးမရလို့ ပဲစိုက်မယ်ဆိုပေမယ့် လယ်မြေမှာလုပ်ရမယ့်ပဲအနေအထားမလို့ အမှောင်ထဲရမ်းပြီးတော့ ခဲပစ်သလိုပါပဲ” ဟု လယ်သမားတစ်ဦးက ပြောသည်။
လက်ရှိတွင်စပါးစိုက်ပျိုးဧကများစွာ ရေနစ်မြှပ်ခံရသောလယ်သမားအများစုသည် မတ်ပဲစိုက်ပျိုးလျှင် အကျိုးအမြတ်ရ၊ မရတွက်ချက်နေဆဲဖြစ်ပြီး မည်သို့ဆက်လုပ်ရမည်ကိုမသိကြောင်း လယ်သမားများကဆိုသည်။
“လယ်သမားတွေရဲ့ အနေအထားကိုပြောရရင် ရာသီစောင့်ရမှာရှိတယ်။ ပဲကြဲရမှာနဲ့ အယ်ယ်နီညိုနဲ့ ဘယ်လိုလုပ်မလဲ။ တချို့လယ်သမားတွေကပြန်မလုပ်တော့တာရှိတယ်။ တချို့က လယ်ဧကကျယ်တော့ အကုန်မစိုက်တော့ဘဲ တစ်ပိုင်တစ်နိုင်လုပ်မယ့်သူတွေပဲရှိတယ် “ ဟု လယ်သမားတစ်ဦးက ပြောသည်။
ရွေးတုအစိုးရက မျိုးစပါး၊ မတ်ပဲ၊ ပဲတီးစိမ်းနှင့် ဒီဇယ်ဆီပေးနေသော်လည်း လယ်သမားအများစုရရှိခြင်းမရှိကြောင်း၊ ထွန်ယက်ခနှင့် သွင်းအားစုဈေးနှုန်းများကြောင့် လယ်သမားများအခက်အခဲရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းတွင် စိုက်ဧက ၅၇,၀၀၀ ကျော်ခန့် ရေကြီးနစ်မြုပ်ပျက်စီးသွားသဖြင့် သက်တမ်းတို ရက် ၉၀ စပါးဖြန့်ဝေပေးခြင်း၊ မတ်ပဲ ၁၇,၃၆၃ တင်း၊ ပဲတီစိမ်း ၃၈၄ တင်းဖြန့်ဝေပေးမည်ဖြစ်ကြောင်း ရွေးတုအစိုးရ၏ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်တွင် ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ရေကြီး ရေလျှံမှုစတင်ဖြစ်ပွားကာ မြို့နယ်ငါးမြို့နယ်သို့ပျံ့နှံ့ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်