ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ဂျပန်နိုင်ငံ အိုကီနာဝါပြည်နယ်၊ နာဟာမြို့တွင်ကျင်းပသည့် (၁၃) ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆုပေးပွဲ (Okinawa Peace Prize) တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းက ဆုဆွတ်ခူးရရှိခဲ့ပြီး တည်ထောင်သူ ဒေါက်တာစင်သီယာမောင် ကိုယ်တိုင် တက်ရောက်ဆုလက်ခံ ရယူခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၁၉ ရက်တွင် ကျင်းပသည့် အိုကီနာဝါငြိမ်းချမ်းရေးဆုပေးပွဲကို နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် လူသားချင်း စာနာထောက်ထားမှုများတွင် တက်ကြွစွာ ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို စိစစ်ရွေးချယ်၍ “အိုကီနာဝါငြိမ်းချမ်းရေးဆု” ချီးမြှင့်ခြင်းဖြစ်သည်။
ယခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်များ၊ ဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်း လုပ်သားများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် မယ်တော်ဆေးခန်းက အိုကီနာဝါ ငြိမ်းချမ်းရေးဆုရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဆုသည် ဂျပန်နိုင်ငံပြင်ပ အဖွဲ့အစည်းတစ်ခုအနေဖြင့် သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခြင်းလည်း ဖြစ်သည်။

အဆိုပါ ဆုနှင့်အတူ ဆုကြေးငွေ ဂျပန်ယန်း ၁၀ သန်း (အမေရိကန်ဒေါ်လာ ၆၂,၀၀၀ ခန့်) ပါဝင်ပြီး မယ်တော်ဆေးခန်း ပဲ့ကိုင်ရှင် ဒေါက်တာစင်သီယာမောင်က ကိုယ်တိုင်တက်ရောက်၍ ဂုဏ်ပြုဆုကို လက်ခံရယူခဲ့သည်။
ဒေါက်တာစင်သီယာမောင်သည် ၁၉၈၈ (ရှစ်လေးလုံး) ပြည်သူ့အရေးတော်ပုံ အပြီး ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မယ်တော်ဆေးခန်း (စတင်တည်ထောင်စဉ်က ကျောင်းသား ဆေးခန်း) ကို စတင်တည်ထောင်ခဲ့သည်။
ထိုနောက် နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးဒဏ်သင့် နေရပ်စွန့်ခွာသူများ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအား ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများကို ဆယ်စုနှစ် ၃ ခုကျော် တိုင် အခမဲ့ ဆောင်ရွက်ပေးလျက် ရှိသည်။
ဒေါက်တာစင်သီယာမောင် အိုကီနာဝါငြိမ်းချမ်းရေးဆု ရရှိခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်၏ နှိမ့်ချရိုးသားမှု၊ ခွဲခြားဆက်ဆံမှုမရှိဘဲ ကျန်းမာရေးလိုအပ်ချက်အပေါ် အခြေခံကာ လူတိုင်းအပေါ် ခိုင်မာစွာ ရပ်တည်ကူညီပေးမှုများကိုလည်း လေးစားဂုဏ်ပြုကြောင်း ဖော်ပြ ထားသည်။
ဒေါက်တာစင်သီယာမောင်သည် ၂၀၂၂ ခုနှစ်က တောင်ကိုရီးယားနိုင်ငံက ပေးအပ်သည့် “ဂွမ်ဂျူး လူ့အခွင့်အရေးဆု” ကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ်က ထိုင်းနိုင်ငံ နရာဆူဝမ် တက္ကသိုလ်မှ ပေးအပ်သည့် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ကိုလည်းကောင်း ရရှိထားသူတစ်ဦး ဖြစ်သည်။
ဓာတ်ပုံ – မယ်တော်ဆေးခန်း