ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
“တအာင်းပြည်” အဖြစ် တရားဝင် အသိအမှတ်ပြုပေးရန် ရွေးတုအစိုးရစစ်တပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ (NSPNC) နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မိုးကုတ်မြို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည့် လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော် ရွေးတုအစိုးရစစ်တပ်ထံ ဘက်ပြောင်းသွားခဲ့ကြောင်း သိရသည်။
TNLA နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သူ ဦးဂူဆီး ဦးဆောင်သည့် လီဆူတပ်ဖွဲ့ဝင် ၅၁ ဦးသည် လက်နက်ငယ် ၄၀ ကျော်နှင့်အတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ ကျောက်မဲ အခြေစိုက် တပ်ရင်းထံသို့ သွားရောက်ပူးပေါင်းသွားခဲ့ခြင်းဖြစ်ပြီး ရွေးတုအစိုးရစစ်တပ်က အဆိုပါ အဖွဲ့အား လက်အောက်ခံ ပြည်သူ့ စစ်အဖြစ် ပြန်လည်ဖွဲ့စည်းပေးနေကြောင်း သိရသည်။
ထိုသို့ လက်နက်နှင့်တကွ ဘက်ပြောင်းသွားမှုနှင့် ပတ်သက်၍ အဆိုပါ လီဆူတပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့ဝင်တိုင်း လိုက်နာစောင့်ထိန်းရမည့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့သဖြင့် မိမိတို့ PSLF/TNLA အဖွဲ့အစည်းနှင့် လုံးဝ ကင်းကွာသွားပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း TNLA က ယနေ့ အောက်တိုဘာ ၁၉ ရက် တွင် ထုတ်ပြန်ထားသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဝင် ပါဝင်ခဲ့သူ TNLA သည် တရုတ်အစိုးရ၏စေ့စပ်မှုကြောင့် ရွေးတုအစိုးရစစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပထမဆုံး တက်ရောက်ခဲ့သည့် အဖွဲ့ဖြစ်သည်။
TNLA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ် ဇူလိုင်လအတွင်းက နေပြည်တော်သို့ သွားရောက်ကာ ရွေးတုအစိုးရစစ်တပ်၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (NSPNC) နှင့် တရားဝင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် TNLA ဘက်က ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများကို “တအာင်းပြည်” အဖြစ် တရားဝင် အသိအမှတ်ပြုပေးရန် တောင်းဆိုထားပြီး လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်နှင့် ညှိနှိုင်းဆဲ အဆင့်တွင် ရှိနေကြောင်း သိရသည်။
ပုံစာ-TNLA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။