ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပမယ့် အစ္စရေးရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို အပြည့်အဝ ထောက်ခံမယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က သူရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ အစ္စရေးပြည်သူတွေထံ ပေးပို့တဲ့ သဝဏ်လွှာမှာ နေတန်ယာဟုကို စစ်ပွဲအတွင်း ရဲရင့်တဲ့ ဝန်ကြီးချုပ်တစ်ဦးအဖြစ် ချီးကျူးခဲ့ပြီး အီရန်ကို ရင်ဆိုင်ရာမှာ သိပ်ကို အားကိုးရတဲ့ အပေါင်းပါတစ်ဦးလို့ ရေးသားခဲ့ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ နေတန်ယာဟုကိုပဲ ပြန်လည်ရွေးချယ်ဖို့ သူက အစ္စရေးပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
အစ္စရေးနိုင်ငံမှာ နေတန်ယာဟုအနေနဲ့ ဆန့်ကျင်မှုတွေ အပြင်းအထန် ရင်ဆိုင်နေရပေမဲ့လည်း သူဟာ သတ္တိရှိပြီး စွမ်းဆောင်ရည်မြင့်မားသူတစ်ဦးလို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
နိုင်ငံရေးအရ အခက်ခဲဆုံးအချိန်တွေကို နေတန်ယာဟု ဖြတ်သန်းနေရတာကို သူကိုယ်တိုင် စောင့်ကြည့်ခဲ့ပြီး ဖိအားတွေကြားမှာ မပြိုလဲဘသ ပိုမိုသန်မာလာတာကို တွေ့ရတယ်လို့ ၎င်းက ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ပါတယ်။
အစ္စရေးပြည်သူတွေအနေနဲ့ နေတန်ယာဟုမှလွဲလို့ အခြားသူတစ်ယောက်ကို ရွေးချယ်ခဲ့မယ်ဆိုရင် အီရန်ကို ရင်ဆိုင်တဲ့နေရာမှာ အမေရိကန်က ကိုယ်တိုင် ပါဝင်ရလိမ့်မယ်လို့ သူက သတိပေးပါတယ်။
အီရန်နိုင်ငံဟာ အမေရိကန်နဲ့ အစ္စရေးတို့အပေါ် နှစ်ပေါင်းများစွာ ရန်လိုခဲ့တာကြောင့် လက်ရှိမှာ စစ်ရေးနဲ့ ဘဏ္ဍာရေးအရ အားနည်းသွားအောင် လုပ်ဆောင်ထားပြီးပြီလို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
အီရန်က လုပ်ရပ်တွေကို လျှင်မြန်စွာ မပြောင်းလဲဘူးဆိုရင် အမေရိကန်အနေနဲ့ ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်သွားမယ်လို့ သူက သတိပေးခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ထောက်ခံမှုနဲ့ ပတ်သက်ပြီး နေတန်ယာဟုက ဗီဒီယိုမက်ဆေ့ဂျ်တစ်ခုမှတစ်ဆင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
နေတန်ယာဟုက အိမ်ဖြူတော်မှာ အစ္စရေးအတွက် ဒေါ်နယ်ထရမ့်ထက် ပိုကောင်းတဲ့ မိတ်ဆွေမရှိဘူးလို့ ချီးကျူးခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းပြီး အီရန်ကို နျူကလီးယားလက်နက် လုံးဝ ပိုင်ဆိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အမေရိကန်သမ္မတတွေအနေနဲ့ အခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲမှာ လူသိရှင်ကြား ဝင်ရောက်စွက်ဖက် ထောက်ခံလေ့မရှိတဲ့ အစဉ်အလာကို ဒေါ်နယ်ထရမ့်က ချိုးဖျက်ပြီး အခုလို နေတန်ယာဟုကို ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
News: India Today
Ref; Trump backs Netanyahu for re-election, Israeli PM thanks him for support