ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ကုန်စျေးနှုန်း ကြီးမြင့်မှုနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ယိုယွင်းလာတာကို မကျေနပ်လို့ ဆန္ဒပြရာမှ မီးရှို့ဖျက်ဆီးမှုတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းကြဖို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က တောင်းဆိုလိုက်ပါတယ်။
ဒီဖြစ်စဉ်အတွင်း လူပေါင်းထောင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး စတိုးဆိုင်အမြောက်အမြားလည်း ဖျက်ဆီးခံခဲ့ရသလို ပါရီနဲ့ မာဆေးမြို့တို့မှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

မက်ခရွန်က ဒီလို အကြမ်းဖက်မှုတွေအတွက် ဘာနဲ့မှ အကြောင်းပြလို့ မရသလို ခွင့်လွှတ်လို့လည်း မရကြောင်း၊ ပြင်သစ်ပြည်သူတွေအနေနဲ့ အခုလို လုပ်ရပ်တွေအတွက် ဒေါသထွက်ရသလို ရှက်ရွံ့မိတယ်လို့ ပြောပါတယ်။
ဆန္ဒပြပွဲတွေအတွင်း မြို့တော်ခန်းမအချို့ မီးရှို့ခံခဲ့ရပြီး ဆိုင်ပေါင်းများစွာ လုယက်ခံခဲ့ရသလို လူထောင်ပေါင်းများစွာနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခတွေ ပြင်းထန်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ၂၀၂၇ မှာ ရာထူးမှ ထွက်ခွာတော့မယ့် မက်ခရွန်အပေါ် ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ဘယ်လောက်အထိ ကြီးမားနေသလဲဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်။

ပြင်သစ်အစိုးရက အခုလို အကြမ်းဖက်မှုတွေကို လက်ဝဲစွန်း အဖွဲ့အစည်းတွေနဲ့ အခွင့်ကောင်းယူ ဒုစရိုက်သမားတွေက လှုံ့ဆော်ခဲ့တာလို့ စွပ်စွဲထားပါတယ်။
ဆန္ဒပြပွဲအတွင်း ပါရီမြို့မှာ လူတစ်ဦး နှလုံးရပ်ပြီး သေဆုံးခဲ့ရသလို ရဲအရာရှိ ၁,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး လူ ၂,၄၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့တယ်လို့ သိရပါတယ်။
ပါရီမြို့အပါအဝင် မြို့ကြီးတော်တော်များများမှာ ပျက်စီးသွားတာတွေကို ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြပြီး မြို့အချို့မှာတော့ စစ်ပွဲဖြစ်ပွားနေတဲ့ နေရာတစ်ခုလိုမျိုး ပျက်စီးယိုယွင်းနေတာကို တွေ့ရပါတယ်။
ပြင်သစ်နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်းများစွာမှာ လူပေါင်း ငါးသိန်းကျော် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး ကုန်စျေးနှုန်းကြီးမြင့်မှုကို မကျေနပ်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းသွားခဲ့ပါတယ်။
ဆန္ဒပြသူအများစုက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ အစွန်းရောက်အုပ်စုအချို့က အစိုးရအဆောက်အအုံတွေနဲ့ စူပါမားကတ်တွေကို ဝင်ရောက်လုယက်ခဲ့ကြပါတယ်။
လက်ယာစွန်းခေါင်းဆောင် မာရင်းလီပင်က ပြင်သစ်နိုင်ငံကို အခုလို ပျက်စီးယိုယွင်းအောင် လုပ်ဆောင်နေတာတွေကို လက်မခံသင့်ဘဲ အားလုံး တည်ငြိမ်ကြဖို့ တိုက်တွန်းပါတယ်။
လီမိုးဂ်မြို့မှာ မြို့တော်ခန်းမရဲ့ နာရီစင်မီးလောင် ပြိုကျခဲ့ရပြီး ရဲတပ်ဖွဲ့အင်အား လုံလောက်စွာ မချထားခဲ့ဘူးလို့ မြို့တော်ဝန်က ပြစ်တင်ထားပါတယ်။
စီးပွားရေးဝန်ကြီးက ထိခိုက်ပျက်စီးသွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကူညီပေးသွားမယ်လို့ ကတိပြုထားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ယူရို သန်းနဲ့ချီ ရှိနိုင်တယ်လို့ သိရပါတယ်။
News: Reuters
Ref; Macron urges calm as France counts cost of worst unrest in years