ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ရွေးတုအစိုးရစစ်တပ်၏ တိုင်းမှူး၊ တပ်မမှူးများနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများ၏ ရာထူးအပြောင်းအရွှေ့ စာရင်းများ ထပ်မံ ထွက်ပေါ်လာခဲ့သော်လည်း အဆိုပါ အချက်အလက် များထဲတွင် အမှန်တကယ် ပြောင်းရွှေ့မှုများနှင့် အတည်မပြုနိုင်သေးသည့် အချက်အလက်များ ရောနှော ပါဝင်နေကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်၏ စစ်တိုင်းမှူးများ၊ တပ်မမှူးများ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) မှူးများနှင့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးများ အပါအဝင် ထိပ်ပိုင်းအရာရှိကြီးများ၏ ရာထူးအပြောင်းအရွှေ့ ဆိုသည့် စာရင်းများ ယမန်နေ့ အောက်တိုဘာ ၁၈ ရက်က လူမှုကွန်ရက်ပေါ်တွင် ပေါက်ကြား လာခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထွက်ပေါ်နေသည့် ရာထူးအပြောင်းအရွှေ့ စာရင်းများနှင့် ပတ်သက်၍ အမှန်တကယ် ပြောင်းရွှေ့သည့် အချက်အလက်များ ပါဝင်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း အတည်မပြုနိုင် သေးသည့် အချက်အလက်များနှင့် သတင်းအမှားများ ရောနှောပါဝင်နေကြောင်း စစ်ရေးသတင်းများကို စိစစ်ဖော်ပြနေသူ ဗိုလ်ကြီးဇင်ယော် ထံမှ သိရသည်။
“အချက်အလက်က အမှန်နဲ့အမှားတွေ ရောထွေးနေတယ်။ ကရခတိုင်းမှူး ကျော်ကျော်ဟန်က နယ်စပ်ရေးရာဒုဝန်ကြီးဖြစ်သွားတာ မှန်တယ်။ စရခ ၁၃ မှူးက ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ် တိုင်းမှူးဖြစ်သွားတာ မှန်တယ်။ ပြီးရင် တပ်မ (၇၇) က ဒုတပ်မမှူး နေဝင်းက ဥစတ (ကလော) ကျောင်းအုပ်ကြီးဖြစ်သွားတာတွေကတော့ မှန်တယ်။ ကျန်တာတွေကတော့ အတည်ပြုဖို့ လိုအပ်နေဆဲ၊ စိစစ်နေဆဲ ဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တပ်မ (၁၁) တပ်မမှူး ကျော်စွာထွန်း (တေဇ-၂၆) အား တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) တိုင်းမှူး အဖြစ်လည်းကောင်း၊ စကခ (၁၃) မှူး ရဲဝင်းအောင် (တေဇ -၂၈) အား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) တိုင်းမှူးအဖြစ်လည်းကောင်း၊ စကခ (၁၂) မှူး အောင်ကိုသွင် (စတသ-၄၂) အား အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးအဖြစ်လည်းကောင်း ပေါက်ကြားသည်ဟုဆိုကာ ထွက်ပေါ်လာသော စာရင်းတွင် ပါဝင်နေပြီး အခြားသော တပ်မမှူးများနှင့် ဒုတိယတပ်မမှူးများ၏ အပြောင်းအရွှေ့များလည်း ပါဝင်နေသည်။
ထို့ပြင် လက်ရှိ ရမခ တိုင်းမှူး မြင့်ကျော်ထွန်းအား စစ်ဥပဒေချုပ်အဖြစ်လည်းကောင်း၊ လက်ရှိ စစ်ဥပဒေချုပ် မျိုးသန့်နိုင် (စတသ-၃၂) အား နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) သို့ ပြောင်းရွှေ့မည် ဆိုသည့် အချက်အလက်များနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) တိုင်းမှူး ကြည်သိုက်နှင့် စတသ ကျောင်းအုပ်ကြီး ထွဋ်ခေါင်တို့အား အရန်အင်အားသို့ ပို့ဆောင်မည်ဆိုသည့် အချက်များလည်း ပါဝင်နေကြောင်း သိရသည်။
ပုံစာ-ရွေးတုအစိုးစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ရဲဝင်းဦးကို တွေ့ရစဉ်။