ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ အောက်တိုဘာ ၁၈ ရက်)
လူသားတိုင်း နာကျင်ဖူးကြပါတယ်။ ကလေးဘဝမှာ ချော်လဲကျလို့ ဒူးပွန်းသွားတဲ့ နာကျင်မှု၊ အရွယ် ရောက်လာတဲ့အခါ ထိခိုက်ဒဏ်ရာနဲ့ ရောဂါတစ်ခုကြောင့် ခံစားရတဲ့ နာကျင်မှု၊ အသက်အရွယ် ကြီးလာတဲ့အခါ အဆစ်အမြစ်တွေ ကိုက်ခဲလာတဲ့ နာကျင်မှု ဒါတွေဟာ လူသားဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ နာကျင်မှုဆိုတာ လူသားတွေရဲ့ ဘဝမှာ ရှောင်လွှဲလို့မရတဲ့၊ မကင်းနိုင်တဲ့ အတွေ့အကြုံပါပဲ။
တစ်ခါတစ်ရံမှာတော့ ခန္ဓာကိုယ်မှာ မြင်သာတဲ့ဒဏ်ရာမရှိနေရင်တောင်မှ စိတ်ထဲမှာ နာကျင်နေတတ် ပါတယ်။ ချစ်ခင်ရသူကို ဆုံးရှုံးရခြင်း၊ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေကို ကြုံတွေ့ရခြင်း၊ နေရပ်စွန့်ခွာရခြင်းနဲ့ အနာဂတ်အတွက် မသေချာမှုတွေကြားမှာ ရှင်သန်နေရခြင်းတို့ဟာလည်း လူတစ်ယောက်ကို အလွန် နာကျင်စေနိုင်ပါတယ်။
ဒီလို နာကျင်မှုတွေဟာ ပုံစံမတူကြပေမယ့် လူသားတွေရဲ့ ကျန်းမာရေး၊ စိတ်ခံစားချက်နဲ့ နေ့စဉ်ဘဝ အပေါ် သက်ရောက်မှုအများကြီး ရှိနေကြပါတယ်။
နာကျင်မှု (Pain) ဆိုတာ ဘာလဲ။
နိုင်ငံတကာနာကျင်မှုလေ့လာရေးအသင်းအဖွဲ့ (IASP) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ နာကျင်မှုဆိုတာ တကယ်ဖြစ်ပေါ်နေတဲ့ (သို့မဟုတ်) ဖြစ်ပေါ်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေတစ်ရှူးတွေ ထိခိုက်ပျက်စီးမှုနဲ့ ဆက်စပ်ပြီး ခံစားရတဲ့ မနှစ်မြို့ဖွယ်အာရုံနဲ့ စိတ်ခံစားမှုအတွေ့အကြုံတစ်ခုပါပဲ။
ရိုးရိုးရှင်းရှင်းပြောရရင် နာကျင်မှုဆိုတာ ခန္ဓာကိုယ်က ခံစားရတဲ့ အာရုံတစ်ခု ဖြစ်တဲ့အပြင် ဦးနှောက်နဲ့ စိတ်ခံစားမှုတွေပါ ပါဝင်တဲ့ ရှုပ်ထွေးအဆင့်မြင့်တဲ့ သက်ရှိအတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ဥပမာ-လက်ကို မီးပူနဲ့ ထိမိတဲ့အခါ ချက်ချင်းလက်ပြန်ရုတ်လိုက်တာဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုကို အလိုအလျောက် ကာကွယ်တုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။
အပူကြောင့် ခန္ဓာကိုယ် ဆဲလ်တွေ တစ်ရှူးတွေ ထိခိုက်သွားနိုင်ကြောင်း အချက်ပြစနစ်နဲ့ အာရုံကြောတွေ လှုံ့ဆော်ခံရပြီး ကျောရိုးအာရုံကြောမကြီးနဲ့ ဦးနှောက်ဆီ သတင်းအချက်အလက်အဖြစ် ပို့ဆောင် ပေးပါတယ်။ ဦးနှောက်မှာ ဒီအချက်ပြမှုတွေကို အခြားအာရုံကြောလှုံ့ဆော်တာတွေနဲ့ ပေါင်းစပ် အဓိပ္ပာယ် ဖော်တဲ့အခါ နာကျင်မှုအဖြစ် သိရှိခံစားရတာ ဖြစ်ပါတယ်။
ဒါကြောင့် နာကျင်မှုဟာ ရောဂါတစ်ခုရဲ့ လက္ခဏာ ဖြစ်နိုင်သလို၊ ခန္ဓာကိုယ်ကို အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ သတိပေးစနစ်လည်း ဖြစ်ပါတယ်။ နာကျင်မှုကြောင့်သာ ဆက်လက် အနာမခံ လိုတော့ဘဲ နာကျင်စေတဲ့အရာရဲ့ ဝေးရာကို ရှောင်ရှားတတ်စေအောင် ခန္ဓာကိုယ်က တုံ့ပြန်လို့ပါပဲ။
လူသားတွေ ဘာကြောင့် နာကျင်မှုကို လိုအပ်သလဲ။
နာကျင်မှုဆိုတာ မနှစ်မြို့ဖွယ်ကောင်းပေမယ့် လူသားတွေရဲ့ အသက်ရှင်သန်ရေးအတွက် အရေးကြီးတဲ့ သက်ရှိဇီဝကမ္မ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
ပူလောင်နေတဲ့အရာကို ကိုင်မိတဲ့အခါ လက်ပြန်ရုတ်စေခြင်း၊ ခြေထောက်ဒဏ်ရာရတဲ့အခါ ဆက်မလျှောက်ဘဲ အနားယူစေခြင်း၊ ဝမ်းဗိုက်ထဲမှာ ရောဂါတစ်ခု ဖြစ်ပေါ်တဲ့အခါ ဆေးကုသမှုခံယူဖို့ သတိပေးခြင်းတို့က နာကျင်မှုကို နေ့စဉ်ဘဝမှာ အသုံးချနေရပုံတွေ ဖြစ်ပါတယ်။ မွေးရာပါ နာကျင်မှုမခံစားနိုင်တဲ့ ရှားပါးရောဂါရှိသူတွေမှာ ဒဏ်ရာ၊ အရိုးကျိုးခြင်းနဲ့ မီးလောင်ဒဏ်ရာတွေကို သတိမထားမိဘဲ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နာကျင်မှုကို ခံစားနိုင်ခြင်းဟာ သဘာဝက ပေးထားတဲ့ အရေးကြီးတဲ့ ကာကွယ် ရေးစနစ်တစ်ခုပါပဲ။
ဒါပေမဲ့ နာကျင်မှုတိုင်းကတော့ အသုံးဝင်တဲ့ သတိပေးချက်တစ်ခု မဟုတ်ပါဘူး။ အချို့နာကျင်မှုတွေဟာ မူလဒဏ်ရာ ပျောက်ကင်းသွားပြီးနောက်မှာတောင် ဆက်လက်ရှိနေပြီး လူနာရဲ့ဘဝကို အမြဲတစေ ထိခိုက်စေပါတယ်။
နာကျင်မှု အမျိုးအစားများ
ဆေးပညာအရ နာကျင်မှုကို ကြာချိန်နဲ့ ဖြစ်ပေါ်လာတဲ့ ပုံစံပေါ်မူတည်ပြီး အဓိကအားဖြင့် အခုလို ခွဲခြားနိုင်ပါတယ်။
ကာလတိုနာကျင်မှု(Acute Pain)
-ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု၊ အရိုးကျိုးခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကြောင့် ဖြစ်တဲ့ နာကျင်မှုဖြစ်ပြီး အချိန်ကာလ တိုတောင်းပါတယ်။ အကြောင်းရင်းကို ကုသပြီး ဆဲလ်တွေတစ်ရှူးတွေ ပြန်လည် ကောင်းမွန်လာတဲ့အခါ နာကျင်မှုပါ လျော့နည်းသွားပါတယ်။
နာတာရှည်နာကျင်မှု (Chronic Pain)
-သုံးလထက်ပိုကြာတဲ့ သို့မဟုတ် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေတဲ့ နာကျင်မှုကို ခေါ်ပါတယ်။ နာတာရှည် ခါးနာခြင်း၊ အဆစ်အမြစ်နာခြင်းနဲ့ အာရုံကြောနာကျင်မှုတွေက ကာလကြာရှည်တတ်ပြီး အိပ်စက်ခြင်း၊ အလုပ်လုပ်နိုင်စွမ်း၊ စိတ်ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးတွေမှာပါ ထိခိုက်နစ်နာ စေပါတယ်။
အာရုံကြောနာကျင်မှု(Neuropathic Pain)
-အာရုံကြောစနစ် ထိခိုက်ပျက်စီးခြင်းနဲ့ ရောဂါဖြစ်ခြင်းကြောင့် ပေါ်ပေါက်လာတာဖြစ်ပြီး မီးလောင်သလို ပူခြင်း၊ လျှပ်စစ်စီးသလို နာခြင်း၊ စူးရှခြင်းနဲ့ ထုံကျင်ခြင်းတို့ကို ခံစားရပါတယ်။ (ဥပမာ – ဆီးချို ရောဂါကြောင့် အာရုံကြောနာကျင်မှု)
အာရုံကြော အနာလှုံ့ဆော်ပြီး ဖြစ်ရတဲ့နာကျင်မှု (Nociceptive Pain)
-အာရုံကြောစနစ်ရဲ့ နာကျင်မှုလုပ်ဆောင်ပုံ ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ နာကျင်မှု စတဲ့ အာရုံကြော နာကျင်ခြင်းတွေအပြင် နောက်ထပ်နာကျင်မှုအမျိုးအစားတွေလည်း အများကြီး ရှိပါတယ်။ နာကျင်မှု အမျိုးအစား မတူရင် ကုသနည်းလည်း မတူနိုင်ပါဘူး။
အနာသေးပေမယ့် အရမ်းနာတာ ဖြစ်နိုင်ပါသလား။
နာကျင်ပြင်းထန်မှုဟာ ဆဲလ်တစ်ရှူး ထိခိုက်ပျက်စီးမှု ပမာဏနဲ့ အမြဲတမ်း တိုက်ရိုက်အချိုးကျနေတာ မဟုတ်ပါဘူး။ တူညီတဲ့ဒဏ်ရာရှိတဲ့ လူနှစ်ယောက်မှာတောင် နာကျင်မှုခံစားရပုံ မတူနိုင်ပါဘူး။
အိပ်ရေးပျက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဖိစီးမှု၊ ယခင်နာကျင်မှုအတွေ့အကြုံ ဆိုးရွားခဲ့ခြင်း၊ လူမှုဆက်ဆံရေးနဲ့ မေတ္တာနှင့် ပြုစုပေးမှုတွေအလိုက် နာကျင်ခြင်း ပြင်းထန်ပုံတွေ ကွာခြားပါတယ်။ နာကျင်မှုဟာ လူနာကိုယ်တိုင် ခံစားရတဲ့ တကယ့်အတွေ့အကြုံတစ်ခု ဖြစ်ပြီး အပြင်ကနေ မြင်ရတဲ့ ဒဏ်ရာပမာဏတစ်ခုတည်းနဲ့ တိုင်းတာလို့ မရပါဘူး။ ဆေးပညာမှာတော့ နာကျင်မှုကို သုညမှ တစ်ဆယ်အထိ ရှိတဲ့ Pain Score နဲ့ မေးမြန်းတိုင်းတာလေ့ ရှိပါတယ်။
စိတ်နာကျင်မှုနှင့် ခန္ဓာကိုယ်နာကျင်မှု (Biopsychosocial Model)
လူသားတွေဟာ ရုပ်ခန္ဓာကိုယ်ကိုပဲ တည်မှီပြီး ရှင်သန်နေရတာ မဟုတ်ပါဘူး။ စိတ်ခံစားမှု၊ မှတ်ဉာဏ်၊ လူမှုဆက်ဆံရေးနဲ့ ဘဝအတွေ့အကြုံတွေကလည်း ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ပုံဖော်နေပါတယ်။
ဝမ်းနည်းပူဆွေးမှု၊ စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာတွေကြောင့် ခေါင်းကိုက်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ အိပ်မပျော်ခြင်းတွေ ဖြစ်ပေါ်နိုင်ပြီး ရှိနှင့်ပြီးသား နာကျင်မှုတွေကိုပါ ပိုမိုပြင်းထန်လာစေပါတယ်။ ဒီလို ခန္ဓာကိုယ်၊ စိတ်နဲ့ ဘဝတို့ အပြန်အလှန် သက်ရောက်နေမှုကို ဆေးပညာမှာ Biopsychosocial Model လို့ ခေါ်ပါတယ်။
ဥပမာအားဖြင့် စစ်ပွဲအတွင်း ထိခိုက်နစ်နာ ဒဏ်ရာရခဲ့သူတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာအပြင် အကြမ်း ဖက်မှု အတွေ့အကြုံဆိုး၊ နေရပ်ဆုံးရှုံးမှုနဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေပါ တပြိုင်နက် ခံစားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုလူနာတွေကို ကုသတဲ့အခါ ဒဏ်ရာသက်သက်ကို ကုသတာထက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးလိုအပ်ချက်တွေကိုပါ နားလည်ပေးဖို့ အလွန်အမင်း အရေးကြီးပါတယ်။ သို့သော်လည်း စိတ်ဖိစီးမှုရှိသူတစ်ယောက်ရဲ့ နာကျင်မှုကို “စိတ်ကြောင့်ပါ” လို့ လွယ်လွယ်လေး သတ်မှတ်ပြီး ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေကို လစ်လျူမရှုသင့်ပါဘူး။
နာကျင်မှုကို ဘယ်လို ကုသကြမလဲ။
နာကျင်မှုကို ကုသရာမှာ အရေးအကြီးဆုံးက နာကျင်မှုဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေကုသဖို့ ဖြစ်ပါတယ်။ အနာသက်သာဆေးတွေက လက္ခဏာကိုသာ လျှော့ချပေးတာဖြစ်ပြီး အကြောင်းရင်းကို ဖယ်ရှားတာ မဟုတ်ပါဘူး။
ဆေးဝါးကုသမှု
-ပါရာစီတမော (Paracetamol)၊ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ (NSAIDs) နဲ့ နာကျင်မှုအမျိုးအစားအလိုက် သင့်တော်တဲ့ဆေးဝါးများကို သုံးစွဲကြပါတယ်။(သို့သော် အိုင်ဗျူပရိုဖန် (Ibuprofen)၊ ဒိုင်ကလိုဖန်းနက် (Diclofenac) စတဲ့ NSAIDs အကိုက်အခဲပျောက်ဆေးတွေကို မိမိသဘောနဲ့ ရက်ရှည် သို့မဟုတ် ပမာဏများများ သောက်သုံးခြင်းဟာ အစာအိမ် သွေးယိုခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်သလို အိုပီယွိုက် (Opioid) အမျိုးအစား အကိုက်အခဲပျောက်ဆေးများမှာလည်း ဆေးစွဲခြင်း အန္တရာယ်ရှိသောကြောင့် ဆရာဝန်ညွှန်ကြားချက် အတိုင်းသာ သုံးစွဲသင့်ပါတယ်)
ကိုယ်လက်လှုပ်ရှားမှု ကုထုံး(Physiotherapy)
-ကြွက်သားနဲ့ အဆစ်လှုပ်ရှားမှု ပြန်လည်ကောင်းမွန်စေရန် လေ့ကျင့်ခန်းများဖြင့် ကုသခြင်း။
စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ပြန်လည်ထူထောင်ရေး (Psychological Support & Rehabilitation)
-စိတ်ဖိစီးမှုနဲ့ နာကျင်မှုကြောင့်ဖြစ်တဲ့ ကြောက်ရွံ့မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးခြင်း၊ လူနာရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာနဲ့ လုပ်ဆောင်နိုင်စွမ်းများ ပြန်လည်တိုးတက်လာစေရန် ကူညီပေးခြင်းတို့ဟာလည်း နာကျင်မှုကို သက်သာစေတဲ့ ကုသမှုတွေပဲ ဖြစ်ပါတယ်။
အရေးပေါ် ဂရုစိုက်ရမည့် နာကျင်မှု လက္ခဏာများ
ရင်ဘတ်အောင့်ပြီး အသက်ရှူခက်ခြင်း၊ ချွေးစေးထွက်ခြင်း ၊ရုတ်တရက် အလွန်ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ ကိုယ်တစ်ခြမ်း အားနည်းခြင်း၊ ပြင်းပြင်းထန်ထန် ဝမ်းဗိုက်နာခြင်း ခါးနာခြင်းနှင့်အတူ ဆီးဝမ်းမထိန်းနိုင်ခြင်း (သို့မဟုတ်) ခြေထောက်အားနည်းလာခြင်း လက္ခဏာတွေနဲ့အတူ နာကျင်မှု ခံစားရမယ်ဆိုရင်တော့ အရေးပေါ်ပြသရမယ့် အခြေအနေတွေ ဖြစ်ပါတယ်။
နာကျင်မှုဟာ ခန္ဓာကိုယ်ရဲ့ သတိပေးစနစ်ဖြစ်တာကြောင့် ပြင်းထန်တဲ့ လက္ခဏာတွေကို အကိုက် အခဲပျောက်ဆေးသောက်ပြီး ဖုံးကွယ်မထားသင့်ပါဘူး။
နာကျင်နေသူကို နားလည်ပေးခြင်းသည်သာ လူသားဆန်ခြင်း ဖြစ်သည်
တဖက်သားရဲ့ နာကျင်မှုကို နားလည်ခြင်းဟာ လူသားချင်းစာနာမှုပါပဲ။ နာကျင်မှုကို ဆေးပညာနဲ့ လေ့လာနိုင်ပါတယ်။ အာရုံကြောတွေ၊ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကုသနည်းတွေကို သိပ္ပံပညာက ရှင်းပြပေးနိုင်ပါတယ်။ ဒါပေမဲ့ နာကျင်နေတဲ့ လူတစ်ယောက်အတွက် ဆေးဝါးတစ်မျိုးတည်းက အမြဲတမ်း မလုံလောက်နိုင်ပါဘူး။
သူ့ရဲ့ နာကျင်မှုကို နားထောင်ပေးမယ်၊ ပြောတာတွေကို ယုံကြည်ပေးမယ်၊ ဖေးမကူညီပေးမယ်၊ လေးလေးစားစား ဆက်ဆံပေးမယ်ဆိုရင် စိတ်သက်သာရာရပြီး အနာသက်သာ လျော့နည်းသွား တတ်ပါတယ်။ ဒါဟာလည်း လိုအပ်တဲ့ အကူအညီ ပေးလိုက်တာပါပဲ။
“ဒီလောက်လေးနဲ့ ဘာလို့ အရမ်းနာနေတာလဲ” “စိတ်မပျော့နဲ့ကွာ” “အနာပဲ နာမှာပေါ့၊ သည်းခံလိုက်” ဆိုတဲ့ စကားတွေက နာကျင်ခြင်းအပြင် စိတ်နှလုံးကိုပါ ပိုမို ထိခိုက်နာကျင်စေပါတယ်။ ဒါကြောင့် ဒီလိုပြောမယ့်အစား “ဘယ်လိုနာနေတာလဲ။ ပြောပြပါဦး။ ဟုတ်တာပေါ့၊ သက်သာဖို့ ဘာလုပ်ပေးရမလဲ။ မင်းအတွက် ကျွန်တော်ရှိနေတယ်” ဆိုတဲ့ စကားတွေနဲ့သာ ဖေးမပေးရပါမယ်။
လူနာရဲ့ နာကျင်မှုကို မျက်ကွယ်ပြုပြီး လေးလေးစားစား အသိအမှတ်မပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟာ လူမဆန်ပါဘူး။ “လူနာဗဟိုပြု ကုသခြင်းစနစ်” ကသာ နာကျင်ခြင်းကို အသိအမှတ်ပြု ကုသပေးပြီး ကျန်းမာရေး စောင့်ရှောက်ခြင်း အဆင့်အတန်းကို မြင့်မားစေမှာ ဖြစ်ပါတယ်။
နာကျင်မှုဟာ လူသားဖြစ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုံးဝရှောင်လွှဲလို့ မရနိုင်ပါဘူး။ နာကျင်နေတာကို သည်းခံရမယ့် ကံကြမ္မာလို့ လက်မခံဘဲ စနစ်တကျ ကုသကြပါ။ နာကျင်မှုကို နားလည်ခြင်းဟာ ဆေးပညာဖြစ်သလို၊ နာကျင်နေသူကို နားလည်ပေးခြင်းကသာ လူသားဆန်ခြင်း ဖြစ်ပါတယ်။
နောက်တစ်ပတ်မှာတော့ “ပျော်ရွှင်ချမ်းမြေ့ပါစေ” ကျန်းမာရေးဆောင်းပါးကို ဆက်လက် ဖော်ပြ ပေးမှာဖြစ်ပြီး ဧရာ၀တီတိုင်းမ် စာဖတ်ပရိသတ်များ အားလုံးပဲ နာကျင်မှုတွေ ကင်းဝေးကြပါ စေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။