ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် (ဝီရဌာနီ)၊ ငပြီကျွန်းသို့ ရွေးတုအစိုးရစစ်တပ်က ထပ်မံကမ်းတက်ရန် ကြိုးပမ်းလာသဖြင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ယနေ့ အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ငပြီကျွန်းကို ထပ်မံကမ်းတက်လာသဖြင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ကျွန်းပေါ်တွင် ခြေကုတ်ယူရန် ကြိုးပမ်းနေသည့် တပ်ဖွဲ့ဝင်များဆီသို့ ရွှေမင်းဂံ ရေတပ်စခန်းဘက်မှ စစ်ကူများ ပို့ဆောင်နိုင်ခြင်း မရှိတော့ဘဲ လက်နက်ကြီး ပစ်ကူများဖြင့်သာ အဝေးမှ ပစ်ကူပေးနေရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။
“ဒီနေ့ ကမ်းထပ်ကပ်တာမှာ တိုက်ပွဲပြန်ဖြစ်တယ်။ အရင်ရောက်နှင့်ပြီး ခြေကုတ်ယူဖို့ ကြိုးစားနေတဲ့ တပ်တွေလည်း အတိုက်ခံရလို့ ပြေးသူပြေး၊ သေသူသေ ဖြစ်နေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငပြီကျွန်းပေါ်တွင် ရွေးတုအစိုးရစစ်တပ်၏ ခမရ-၃၅၄၊ အမြောက်တပ် အမတ-၃၇၃ နှင့် စစ်တွေ ဒကစမှ ကွန်မန်ဒိုစစ်ကြောင်း အပါအဝင် စုစုပေါင်း အင်အား ၁၈၀ ဝန်းကျင် ရောက်ရှိနေပြီး ၎င်းတို့ကို အာရက္ခတပ်တော် (AA) က လက်နက်ကြီး ပစ်အားယူ၍ တိုက်စစ်ဆင်နေခြင်းဖြစ်သည်။
အဆိုပါ စစ်တပ်စစ်ကြောင်းများ ဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းမခံရစေရန် စစ်တွေမြို့အခြေစိုက် ရွှေမင်းဂံ ရေတပ်စခန်း စစ်ကူနှင့် ပစ်ကူပေးခဲ့သော်လည်း ယခုအခါ ရေကြောင်းမှ စစ်ကူ ပို့နိုင်ခြင်းမရှိတော့သဖြင့် လေကြောင်းတိုက်ခိုက်မှုကို အဓိကအားပြု၍ ငပြီကျွန်း ကမ်းတက်ရေးနှင့် ပေါက်တောဘက်သို့ တန်ပြန်ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ရွှေမင်းဂံ ရေတပ်စခန်း တိုက်ခိုက်ခံနေရချိန်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်မှစတင်ကာ တန်ပြန်ထိုးစစ်အဖြစ် ငပြီကျွန်းသို့ ရေတပ်စစ်သင်္ဘော ၁၀ စီးခန့်အသုံးပြု၍ ကမ်းတက်ရန် ကြိုးပမ်း ခဲ့ပြီး တပ်ဖွဲ့ဝင်အချို့ ကမ်းတက်နိုင်ခဲ့သော်လည်း အင်အား ၅၀ ထက်မနည်း သေဆုံးခဲ့ရသည်။
အာရက္ခတပ်တော် (AA) ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း ကြိမ်ခွေမော်နှင့် လက်ပံပြား တို့ဘက်မှတစ်ဆင့် ပြန်လည်ကမ်းတက် တိုက်စစ်ဆင်ခဲ့ကာ ပေါက်တောဘက်မှနေ၍ လက်နက်ကြီး ပစ်ကူများကို ထိရောက်မှု ရှိကြောင်း သိရှိရသည်။