ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းမှ ဝန်းသိုမြို့နယ်နှင့် ထီးချိုင့်မြို့နယ်ဘက်သို့ ရွေးတုအစိုးရ စစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ဦးတည်ထိုးစစ်ဆင်လာသောကြောင့် ဒေသတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် အင်းတော်မြို့နယ် မဲဇာကျေးရွာကို ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက်နေ့တွင် ပါအေကျေးရွာသို့ ရောက်ရှိလာခဲ့ရာမှ အင်အား ၃၀၀ ပါ စစ် ကြောင်းနှင့် အင်အား ၂၀၀ နီးပါးပါ စစ်ကြောင်းဟူ၍ အင်အား ၅၀၀ ခန့်ဖြင့် ဝန်းသိုနှင့် ထီးချိုင့်ဘက်သို့ စစ် ကြောင်းခွဲကာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ဝန်းသိုမြို့နယ်သို့ ဦးတည်လာသော စစ်ကြောင်းသည် မဲဇာ၊ တပ်လွင်၊ ကျောက်တော၊ ဆင်ကုန်းနှင့် ထန်းတပင်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လတ်တလောတွင် နမ့်ခမ်းရွာအတွင်းသို့ ရောက်ရှိနေကာ နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
“ထီးချိုင့်ဘက်ကို အင်အား တစ်ဝက်နဲ့ ဝန်းသိုဘက်ကို တစ်ဝက်ထိုးတာ။ ညကတော့ နမ့်ခမ်းဘက် ပစ်သံတွေ ကြားရပါတယ်” ဟု မြေပြင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ထီးချိုင့်မြို့နယ်ဘက်သို့ ထိုးစစ်ဆင်နေသည့် အခြားစစ်ကြောင်းတစ်ခုသည်လည်း အောက်တိုဘာ ၁၆ ရက်နေ့တွင် ကြိမ်းချောင်းနှင့် ပိန်းအင်း ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ကာ စစ်ကြောင်း ထပ်မံတိုးရန် ကြိုးပမ်းနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်က စစ်ကြောင်းထိုးရာ ကျေးရွာများကို လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်လျက်ရှိသောကြောင့် ဒေသခံ ပြည်သူအများအပြားမှာ ဘေးလွတ်ရာသို့ အရေးပေါ် ရှောင်တိမ်း နေကြရသည်။
ထို့ပြင် ဝန်းသိုမြို့နယ်အတွင်း အခြေစိုက်ထားသည့် ရွေးတုအစိုးရစစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ-၁၁၁ နှင့် ခမရ-၁၂၀ တပ်ရင်းတို့တွင်လည်း လေကြောင်းမှတစ်ဆင့် စစ်အင်အားများ ဖြည့်တင်းထားပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် မြေပြင်တွင် စစ်ရေးတင်းမာမှုများ ဆက်လက် မြင့်တက်လျက် ရှိကြောင်း သိရသည်။