ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့၏ တိုက်ပွဲ အခြေအနေများမှာ အလွန်အမင်း တင်းမာလျက်ရှိပြီး စစ်တွေမြို့ပေါ်အထိ လက်နက်ကြီး ပစ်ခတ်သံများ ကြားလာရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မင်းချောင်းတံတား တစ်ဘက်ကမ်းရှိ အမြင့်ကျွန်းကျေးရွာတွင် တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းများက စုပေါင်းကာ ခံစစ်ပြင်ဆင်ထားသော်လည်း အာရက္ခတပ်တော် (AA) က အပြင်းအထန် တိုက်စစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ထို့ပြင် ကံ့ကော်ကျွန်း တစ်ဘက်ကမ်းရှိ ဝါဘိုကျေးရွာကိုလည်း AA က အပြီးအပိုင် ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
“တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်းတွေပါ စုပေါင်း ခံစစ်ဆင်နေတဲ့ အမြင့်ကျွန်းကို AAအပြင်းအထန် ထိုးစစ်ဆင်နေတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အမြင့်ကျွန်းအပြင် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (စအရ-၉၀၈) တည်ရှိရာ ကျားမသောက် ရွာအပါအဝင် ကြွီတဲ၊ ပါဒလိတ်၊ ချီလိုင်ဖင်းနှင့် ငတောက်တက် စသည့် ကျေးရွာများ၏ အနီးပတ်ဝန်းကျင်များတွင်ပါ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ယမန်နေ့ အောက်တိုဘာ ၁၇ ရက်က ကျားမသောက်ရှိ (စအရ-၉၀၈) တပ်ရင်းကို AA က သိမ်းဆည်း လိုက်ပြီဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နှစ်ဖက်တပ်ဖွဲ့များဘက်မှ တရားဝင် ထုတ်ပြန် လာခြင်း မရှိသေးပေ။ သို့သော် အဆိုပါ ကျားမသောက်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
ကျားမသောက်တွင် စအရ-၉၀၈ တပ်ရင်းတစ်ခုတည်းသာ တည်ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရုံးစိုက်ရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ၄ မိုင်မျှသာ ကွာဝေးသည်။ ၂၀၂၅ ခုနှစ် စာရင်းများအရ အဆိုပါတပ်ရင်းတွင် အင်အား ၃၀၀ ခန့် အထိုင်ချထားခဲ့ပြီး ယခုနောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း တပ်ပျက် ဆုတ်ခွာလာသည့် အခြားတပ်ဖွဲ့ဝင်များပါ ပူးပေါင်းစုဖွဲ့ထားနိုင်ကြောင်း သိရသည်။
မြေပုံ – NZY