ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

 

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်ရှိ ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းလောင်းဓမ္မာရုံအား ကားပါကင်နေရာအဖြစ် အသုံးပြုရန်အတွက် ဖျက်ဆီးဖယ်ရှားမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့ အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းမှစတင်ကာ မဘသအဖွဲ့ဝင် သံဃာများနှင့် အမျိုးသားရေး လှုပ်ရှားသူများ လာရောက်စုဝေး ကန့်ကွက်နေကြသဖြင့် ရွေးတုအစိုးရ လက်အောက်ခံ အာဏာပိုင်များနှင့် အခြေအနေ တင်းမာလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဓမ္မာရုံအား ရွေးတုအစိုးရ၏ ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က ‘အခရာ’ လက်ဖက်ရည်ဆိုင်၏ ကားပါကင်နေရာအဖြစ် အသုံးပြုရန်အတွက် ဖယ်ရှားရှင်းလင်းမည်ဆိုသည့် သတင်းပျံ့နှံ့လာခြင်းကြောင့် ဖြစ်ကြောင်း ရန်ကင်းမြို့နယ်တွင်နေထိုင်သူ ဒေသခံတစ်ဦးထံမှ သိရသည်။

 

“ဖျက်ပေးဖို့ ပြောထားတာကြာပြီ။ စည်ပင်ကလာဖျက်တာ။ မဘသနဲ့ အမျိုးသားရေးအဖွဲ့တွေက အင်အားပြပြီး လာတားတာ။ အခု စစ်တပ်နဲ့ ရဲ အင်အားအပြည့်ချထားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းသို့ ဖယ်ရှားမည့်သတင်းများ ထွက်ပေါ်လာသည့်အတွက် ယနေ့ နံနက် ၈ နာရီဝန်းကျင်မှစ၍ အမျိုးသားရေးလှုပ်ရှားသူ ဝင်းကိုကိုလတ် အပါအဝင် မဘသအဖွဲ့ဝင်သံဃာများနှင့် အမျိုးသားရေးအင်အားစုများက ဓမ္မာရုံ ဖျက်ဆီးခံရမှု မရှိစေရန် အခင်းဖြစ်ပွားရာ နေရာသို့ လာရောက်ဝိုင်းရံကာ စောင့်ကြပ်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

 

လက်ရှိတွင် အခင်းဖြစ်ပွားရာ ဓမ္မာရုံအနီး၌ ရွေးတုအစိုးရစစ်တပ်၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ အင်အားအပြည့်ဖြင့် ရောက်ရှိစောင့်ကြည့်နေပြီး နှစ်ဖက်အခြေအနေမှာ ဆက်လက် တင်းမာနေဆဲဖြစ်သည်။

 

ထို့ပြင် အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရန်ကင်းမြို့နယ် သံဃနာယကအဖွဲ့မှ ဆရာတော်ကြီးများလည်း ဖြစ်စဉ်နေရာသို့ ကြိုတင်ရောက်ရှိလာပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ရန်ကင်းမြို့နယ် အမှတ် (၁၄) ရပ်ကွက်ရှိ ဆွမ်းလောင်းဓမ္မာရုံ ဖယ်ရှားမည့်ကိစ္စနှင့် စပ်လျဉ်း၍ အခြေအနေများ ပြေလည်စေရန်အတွက် ရန်ကုန်မြို့တော်ဝန် ကိုယ်တိုင် လာရောက်ညှိနှိုင်းမည်ဟု သတင်းများ ထွက်ပေါ်နေပြီး နောက်ဆက်တွဲ အခြေအနေများကို ဒေသခံများနှင့် သတင်းရင်းမြစ်များက ဆက်လက် စောင့်ကြည့်လျက်ရှိသည်။

 

ပုံစာ-ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်ရှိ ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းလောင်းဓမ္မာရုံရှေ့မြင်ကွင်းကို တွေ့ရစဉ်။