ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

 

အာဏာသိမ်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ခုခံတော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို လက်နက်ချ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း တစ်ဖက်တွင်မူ ၎င်းတို့ စစ်ရေးရှုံးနိမ့်ထားသည့် မြို့နယ် ၅၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေးကို သက်တမ်းထပ်မံတိုးမြှင့်လိုက်သည်။

 

ခုခံတော်လှန်မှုများကြောင့် စစ်ရေးရှုံးနိမ့်ကာ နယ်မြေလက်လွှတ်လိုက်ရသော ဒေသများကို စစ်အုပ်ချုပ် ရေး ရက် ၉၀ ထုတ်ပြန်ထားရာမှ သတ်မှတ်ကာလ ပြည့်မြောက်ပြီ ဖြစ်သဖြင့် မြို့နယ် ၅၅ မြို့နယ်ကို သက်တမ်းထပ်မံတိုးရန် ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က ရွေးတုလွှတ်တော်၌ အတည်ပြု ခဲ့ခြင်းဖြစ်သည်။

 

ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ယင်းနေ့ အောက်တိုဘာ ၁၆ ရက်တွင်ပင် ၎င်းတို့ အာဏာသိမ်း မှုကြောင့် ရပ်ဆိုင်းသွားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်တွင် နှစ်ရက်တာ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်း ရေးအတွက် ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အာဏာသိမ်းမှုကြောင့် ခုခံတော်လှန်လျက်ရှိသည့် ယခင် NCA စာချုပ် လက်မှတ်ရေးထိုးထားသော KNU(ကရင်)၊ CNF(ချင်း)၊ ABSDF(ကျောင်းသားတပ်မတော်) နှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် EROs တို့ကို ထပ်မံဖိတ်ခေါ်ခဲ့သည့်အပြင် PDF များကိုပါ အညံ့ခံရန် ရွေးတုသမ္မတက ထည့်သွင်းပြောဆိုခဲ့သည်။

 

ယင်းကဲ့သို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီး စစ်အုပ်ချုပ်ရေး သက်တမ်းတိုးလိုက်သော ဒေသများမှာ စစ်ရေးပြင်းထန်နေသည့် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ် ၅၅ မြို့နယ် ဖြစ်သည်။ ယခင် ထုတ်ပြန်ထားသည့် မြို့နယ်များအနက် ငါန်းဇွန်၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့ကိုမူ စစ်အုပ်ချုပ်ရေးမှ ပယ်ဖျက်ပေးခဲ့သည်။

 

ဒေသအလိုက် စစ်အုပ်ချုပ်ရေး သက်တမ်းတိုးလိုက်သည့် မြို့နယ်များမှာ ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ ကရင်နီပြည်နယ်တွင် ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ်တွင် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ်၊ မတူပီနှင့် စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်တို့ ဖြစ်သည်။

 

ထို့အပြင် မကွေးတိုင်းတွင် ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို၊ ရခိုင်ပြည်နယ်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်နှင့် ရှမ်းပြည်နယ်တွင် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ မိုင်းလားတို့ ဖြစ်သည်။

 

စစ်ရှုံးအထိနာမှုများကြောင့် ယခင်က မြို့နယ် ၆၃ မြို့နယ်အထိ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ရာမှ ရွေးတု အစိုးရ ဖြစ်လာချိန်တွင် စစ်ရှိန်မြှင့်တင်မှုနှင့်အတူ ဧပြီလမှစ၍ ၎င်းတို့ စိုးမိုးနိုင်ပြီဟု ယူဆသော မြို့နယ်အချို့ကို ဖြေလျော့ပေးကာ ကျန်မြို့နယ်များကို သက်တမ်းတိုးခြင်းများ ဆက်လက်ပြုလုပ် လာခြင်းဖြစ်သည်။

 

ဓာတ်ပုံ – MOI(ပုံဟောင်း)