‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၈ရက်
‎
‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကြက်သွန်ကွင်း – သဲဖြူ – မကျီးဇင် လမ်းပေါ်ရှိ သာပေါင်းလေး၊ ကင်ပွန်းချဥ်၊ သဲဖြူ စသည့် ဒေသများတွင် အာရက္ခတပ်တော် (AA) ၊ PDF ပူးပေါင်းတပ်များ နှင့် ရွေးတုအစိုးရ စစ်တပ်တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား‌နေကြောင်း မြေပြင်သတင်း များအရ သိရသည်။
‎
‎ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်နေ့မှ ယမန်နေ့ အောက်တိုဘာ ၁၇ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး သဲဖြူတွင် တိုက်ပွဲ အခြေအနေပိုမိုပြင်းထန်ကာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံးသွား ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
‎
‎”သေတာက ခမရ အမှတ်ကို ၅၃၄ က ဒုတပ်ရင်းမှူး လှို့ဝှက်နာမည် ဗိုလ်မှူး လင်းယုန် လို့ သိရပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
သုံးရက်တာ ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲများအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး ရုပ်အလောင်း ၂၀ ခန့်နှင့် လက်နက်ခဲယမ်းများကို AA က သိမ်းဆည်းရမိခဲ့သည်။ စစ်တပ်ဘက်မှလည်း အလောင်းတချို့နှင့် ဒဏ်ရာရရှိသူများကို ပြန်လည်ဆွဲထုတ် သယ်ဆောင်သွားခဲ့ရသည်။
‎
မြေပြင်တပ်ဖွဲ့များ ဆက်တိုက်အထိနာကာ အကျအဆုံးများပြားနေသည့်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ရဲလင်းအောင် ကိုယ်တိုင် သဲဖြူဒေသအထိ ဆင်းသက်ကာ စစ်ဆင်ရေးကို အနီးကပ် လျှို့ဝှက်ကွပ်ကဲနေရကြောင်း သိရသည်။
‎
‎”ဒုတိုင်းမှူးက အမြင်မခံဘူး။ လှို့ဝှက် ကွပ်ကဲ‌နေတာ။ လှေကြီးတက် ၃၀၈ ဘက်ကလည်း လှုပ်ရှားမှု ရှိတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
‎
‎ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်က နှစ်ဘက် စစ်ရေးပြင်ဆင်မှုများရှိပြီးနောက် အောက်တိုဘာ ဒုတိယအပတ်မှစကာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလာခြင်းဖြစ်သည်။ ဂွမြို့နယ်ကို ဦးတည်သည့် ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးမှာလည်း အထိနာနေပြီဖြစ်ကြောင်း သိရသည်။
‎
ပုံစာ-ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။(ပုံဟောင်း)