ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
ပြင်သစ်နိုင်ငံမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ယိုယွင်းလာမှုကို မကျေနပ်လို့ လူပေါင်း ၅ သိန်းခွဲကျော် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြရာမှ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁,၂၀၀ ထက်မနည်း ထိန်းသိမ်းခံခဲ့ရပါတယ်။
စနေနေ့က ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေဟာ မြို့ကြီးအများစုရှိ အဆောက်အအုံတွေကို မီးရှို့တာ၊ စတိုးဆိုင်တွေကို လုယက်တာတွေ ပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေ ပြင်းထန်ခဲ့ပါတယ်။ မြို့တော်ပါရီမှာ ဆန္ဒပြသူ ၁ သိန်း ၁ သောင်းကျော် ပါဝင်ခဲ့ပြီး ညနေပိုင်းမှာ လမ်းမတွေပေါ် မီးရှို့တာ၊ မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရေအမြောက်တွေနဲ့ ဖြိုခွင်းခဲ့သလို အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့တာကြောင့် နှစ်ဖက်စလုံးမှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ဘော်ဒိုးမြို့မှာ Louis Vuitton အထည်ဆိုင် လုယက်ခံခဲ့ရသလို လေးလ်မြို့က Apple စတိုးဆိုင်နဲ့ အခြား အဝတ်အထည်၊ စားသောက်ကုန်ဆိုင်တွေ လုယက်ခံခဲ့ရပါတယ်။
ဆူပူအကြမ်းဖက်မှုတွေဟာ မြို့တော်ပါရီတင်မက နယ်မြို့တွေကိုပါ ကူးစက်ခဲ့ပြီး လိုင်ယွန်မြို့က ကမ္ဘာလှည့်ခရီးသွား ရုံးစိုက်ရာ အဆောက်အအုံနဲ့ လီမိုးဂက်စ်မြို့က မြို့တော်ခန်းမတို့ မီးလောင်ကျွမ်း ခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး လက်ပြတ်ထွက်သွားခဲ့ ရသလို အခြား ဆန္ဒပြသူတွေလည်း ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
အဓိကရုဏ်းတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၅၀ နီးပါး ဒဏ်ရာရရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဖိအားတွေ အလွန်အမင်း ကြုံတွေ့နေရပြီလို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အဆောက်အအုံတွေကို မီးရှို့တာနဲ့ လုယက်မှုတွေမှာ ပါဝင်သူ အားလုံးကို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကြေညာထားပါတယ်။
ဝန်ကြီးချုပ် ဆီဘက်စတီယန်လီကော်နူက အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးရည်မှန်းချက်ကို အကောင် အထည်ဖော်လို့ ရမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေစတင်စဉ် ကျောင်းတွေမှာ ဆရာ၊ ဆရာမ မလုံလောက်မှုကို ကျောင်းသားတွေက မကျေနပ်လို့ ဆန္ဒပြရာကနေ အလုပ်သမားသမဂ္ဂတွေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို မကျေနပ်သူတွေပါ ပူးပေါင်းလာတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်နောက်ပိုင်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ “အဝါရောင်အင်္ကျီ” လှုပ်ရှားသူတွေပါ ဒီဆန္ဒပြပွဲမှာ ပါဝင်လာပါတယ်။လာမယ့်နှစ် ဧပြီလမှာ ပြုလုပ်မယ့် ပြင်သစ်သမ္မတ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အခုလို ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားလာတာကြောင့် နိုင်ငံရေး ပါတီတွေကြား အပြန်အလှန် ပြစ်တင်မှုတွေ ရှိနေပါတယ်။
News: India Today/Reuters
Ref; France in flames: Buildings burn, luxury shops looted as 500,000 take to streets.