ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
ယီမင်နိုင်ငံတောင်ပိုင်း၊ ဆိပ်ကမ်းမြို့ အေဒင်မှာရှိပြီး နိုင်ငံတကာက အသိအမှတ်ပြု အစိုးရအဖွဲ့ အသုံးပြုနေတဲ့ နန်းတော်ကို ဟူသီအဖွဲ့က ဒုံးကျည်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ လူ ငါးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
အေဒင်မြို့ရှိ သမ္မတနန်းတော်အနီးမှာ ပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ပြီး ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့နဲ့ ယီမင်အစိုးရတပ်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ကာ အီရန် ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့က အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့တာလို့ ကြေညာခဲ့ပါတယ်။
သမ္မတနန်းတော်ဝင်း အနီးအနား တိုက်ခိုက်ခံရမှုဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ပေါက်ကွဲမှုတွေကြောင့် ဒေသခံ ပြည်သူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရပါတယ်။

သေဆုံးသွားသူတွေထဲမှာ အစိုးရတပ်ဖွဲ့ဝင်တွေ ပါဝင်ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရတယ်လို့ ယီမင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ အေဒင်မြို့မှာ ရှိနေတဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်တွေ ဘေးကင်းခဲ့ကြပြီး အစိုးရအဖွဲ့ဝင် အများစုက ပြည်ပမှာ သွားရောက်နေထိုင်နေရပါတယ်။
ဟူသီအဖွဲ့က ဆော်ဒီ ရန်သူတွေ ရှိနေတဲ့ စစ်ဆင်ရေး ဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပြီး ဒီလုပ်ရပ်ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ လေဆိပ်တွေနဲ့ ရေနံ အဆောက်အအုံတွေကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ရေနံဈေးကွက်ကို ရိုက်ခတ်မှုတွေ ရှိနေသလို ဆော်ဒီ လေကြောင်းပိုင်နက်ကို အသုံးပြုပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ်လို့ ဟူသီတို့က ခြိမ်းခြောက်ထားလို့ ဒေသတွင်း လေကြောင်းလိုင်း ခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ မဒီနာပြည်နယ်မှာ ခရုဇ်ဒုံးကျည်တစ်စင်းနဲ့ တခြား ဒရုန်းတွေကို ဆော်ဒီ မဟာမိတ်တပ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။
ယီမင်နိုင်ငံမှာ စစ်ပွဲတွေ ပြန်လည် ပြင်းထန်လာလို့ တာအိဇ်မြို့မှာရှိတဲ့ ပြည်သူတွေဟာ အခြေခံ စားသောက်ကုန်နဲ့ လောင်စာဆီ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က လူပေါင်း ခြောက်သိန်းကျော်ထံ အကူအညီများ မပို့ဆောင်နိုင်တော့ကြောင်း သတိပေးထားပါတယ်။
News: France 24/AFP
Ref; Houthi attack on palace used by Yemen government in Aden kills five