ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ အောက်တိုဘာ ၁၇ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ကျေးရွာများသို့ ရွေးတုအစိုးရစစ်တပ်က အောက်တိုဘာ ၁၆ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တစ်နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ဒေသခံ သုံး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်နှင့် နတ်တလင်းမြို့နယ်အစပ်ရှိ ခုတ်ကြီးကျေးရွာကို ပါရာမော်တာများဖြင့် ဗုံးကြဲတို က်ခိုက်ခဲ့ရာ (၁) နှစ် အရွယ် ကလေးငယ်တစ်ဦး၊ (၈) နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အို တစ်ဦးတို့ ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

“ပါရာမော်တာနဲ့ကြဲသွားတာ ၁ နှစ်သားကလေး တစ်ယောက် နဲ့ ၈ နှစ်သားတယောက် သေသွားပြီ။ အဲဒီဖက်မှာ တော်လှန်ရေးရဲဘော်တွေမရှိလဲ ပြည်သူကို ရည်ရွယ်ချက်ရှိရှိအကြမ်းဖက် တိုက်ခိုက် သွားတာ ဖြစ်ပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ အဆိုပါ အောက်တိုဘာ ၁၅ ရက်နေ့တွင်ပင် ပေါင်းတည်မြို့နယ်၊ တောင်ခမောက် ကျေးရွာသိူ့လည်း စစ်တပ်ဘက်မှ ဒရုန်းဖြင့် ၂ ကြိမ်ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းမှ စက်သေနတ်ဖြင့်ပါပစ်ခတ်သွားသည့်အတွက် ဒေသခံနေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။
ပေါင်းတည်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့ကလည်း အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံး ဦးသေဆုံးခဲ့ပြီး စစ်တပ် ၏ အချင်းချင်းဗုံးမှားကြဲမှုကြောင့် တပ်ဖွဲ့ဝင် ကိုး ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့