ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပေါ်ရှိ မြန်မာစစ်ဘေးရှောင်များနှင့် ရွှေ့ပြောင်းလုပ်သားများ အများ အပြား နေထိုင်ရာ နေရာများကို ထိုင်းပူးပေါင်းအာဏာပိုင်များက ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပိုက်စိပ်တိုက် ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) တို့ ပူးပေါင်း၍ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှစတင်ကာ မဲဆောက်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ‘ထုံထောင်’ ရပ်ကွက်အပါအဝင် နေရာ ၂၀ ခန့်ကို ဝင်ရောက်စစ်ဆေးခဲ့ကြ ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆေးမှုအတွင်း ဂိတ်ချ၍ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ လုပ်ငန်းခွင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းများကိုပါ မကျန် စစ်ဆေးခဲ့ကြောင်းသိရသည်။
“ထိုင်းပြည်သူအချို့ကတော့ မြန်မာတွေများလာတာကို စိုးရိမ်ကြောင်း လူမှုကွန်ရက်မှာ မှတ်ချက် ပေးတာတွေ တော်တော်များများ တွေ့လာရတယ်။ ဒါကြောင့် သူတို့ရဲ့ စည်းကမ်း၊ ဥပဒေတွေကို လိုက်နာဖို့ ပါမယ်။ ကိုယ်က ဧည့်သည်ဖြစ်တာမို့ အိမ်ရှင်တွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်ဖို့ လိုပါမယ်။ ကျွန်တော်တို့က မဖြစ်မနေမို့ ခေတ္တလာရောက်နေထိုင်တာ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲ့ အခြေအနေကို ရှင်းပြဖို့ လိုပါမယ်” ဟု ထိုင်းနိုင်ငံတွင် နေထိုင်သည့် မြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာပိုင်များသည် ဖမ်းဆီးရမိသူများကို ဥပဒေအတိုင်း စိစစ်နေသည့်အပြင် မြဝတီဘက်ခြမ်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကွန်ရက်များနှင့် ဆက်စပ်မှု ရှိ၊ မရှိကိုပါ ကွင်းဆက်ဖော်ထုတ်ရန် အသေးစိတ်ဆက်လက်စုံစမ်းနေကြောင်း ထိုင်းသတင်းဌာန ThaiPBS North တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရွေးတုအစိုးရ၏ အဓမ္မ စစ်မှုထမ်းခေါ်ယူမှု၊ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု၊ အရပ်သားများကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု စသည့် စစ်ရာဇတ်ကျူးလွန်မှုများကြောင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် ယခုကဲ့သို့ စစ်ဆေးဖမ်းဆီးမှုများ ပြင်းထန်လာသဖြင့် မဲဆောက်ရှိ မြန်မာအသိုင်းအဝိုင်းအတွင်း စိုးရိမ်ထိတ်လန့်မှုများ ပိုမိုမြင့်တက်နေသည်။
“ဖမ်းဆီးပြီး ပြန်သွန်တာတွေလည်းရှိတာမို့ အထောက်အထား မရှိသူတွေဆို ပြေးကြ ပုန်းကြနဲ့ အတော်လေး အထိတ်တလန့်ဖြစ်ရပါတယ်။ အထောက်အထား ပြည့်စုံနေတဲ့သူတွေတောင်မှ လုံခြုံမှု မရှိသလို ခံစားနေရပါတယ်။ ပဋိပက္ခတွေကြောင့် ရှောင်တိမ်းနေကြသူတွေကို ကန့်သတ်ချက်နဲ့ပဲဖြစ်ဖြစ် ယာယီနေထိုင်ခွင့်ပေးစေချင်ပါတယ်” ဟု မဲဆောက်ရောက် CDM ပညာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် မဲဆောက်တွင် ခေတ္တနေထိုင်သည့် မြန်မာများအနေဖြင့် သွားလာလှုပ်ရှားရာတွင် သတိထား ကြရန်နှင့် တာ့ခ်ခရိုင် ရဲမှူးကလည်း ယနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။
“ဖြစ်နိုင်ရင် အထောက်အထား ပြည့်စုံဖို့လိုသလို Work Permit က အလုပ်နဲ့ လက်ရှိအလုပ် တူဖို့လို ပါတယ်။ ကန့်သတ်အလုပ်တွေ လုပ်နေသူတွေလည်း သတိထားဖို့ လိုပါမယ်။ ဖမ်းတဲ့နေရာ တွေမှာဆို ပြေးကြ ပုန်းကြ ရှောင်ကြနဲ့ အတော်ကို ကြောက်လန့်နေကြတာပါ” ဟု CDM ပညာရေးဝန်ထမ်းက ဆိုသည်။
ဓာတ်ပုံ-ThaiPBS North ၊ လူမှုကွန်ရက်