ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
တရှိန်ထိုးမြင့်တက်နေသောအထွေထွေကုန်ဈေးနှုန်းများ သင့်တင့်မျှတနိုင်ရေးနှင့် တည်ငြိမ်ရေးအတွက် UMFCCI အဖွဲ့ဝင်အသင်းများအပါဝင်ကဏ္ဍာစုံအသင်းများဖြင့် အခြေခံစားကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအဖွဲ့ ဖွဲ့စည်းမည်ဟု သိရသည်။
အဆိုပါကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအဖွဲ့ကို ဖွဲ့စည်းပြီး စားသောက်ကုန်များ ဈေးကွက်အတွင်း လက်လှန်းမီလွယ်ကူစွာ ဝယ်ယူရရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးတို့ကို အမြန်ဆုံးလုပ်ဆောင်မည်ဟုဆိုသည်။

လက်ရှိတွင် အခြေခံစားသောက်ကုန်၊ စားဖိုဆောင်သီးနှံအပါအဝင် လူသုံးကုန်ပစ္စည်းများနှင့် အထွေထွေကုန်စည်များ ဈေးနှုန်းဆက်လက် မြင့်တက်လျက်ရှိကြောင်းသိရသည်။
ရွေးတုအစိုးရ၏ နိုင်ငံခြားငွေလျော့သုံးကာ စားအုန်းဆီတင်သွင်းမှုလျော့ထားသဖြင့် စားအုန်းဆီဈေးနှုန်း မြင့်တက်နေခြင်း၊ စားဖိုဆောင်သီးနှံ ကြက်သွန်နီ အမြင့်ဆုံးဈေးနှုန်းရောက်ရှိနေခြင်းနှင့် ဆန်ဈေးနှုန်းများလည်းမြင့်တက်လျက်ရှိသည်။
“ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အကုန်ဈေးတက်တယ်။ ကြက်သွန်နီဆိုပိုဆိုးတာ တစ်ပိဿာ တစ်သောင်းကျော်နေတုန်းပဲ။ အကုန်ဈေးတက်ပါတယ်။ ကြက်ဥလည်းဈေးပြန်မကျတော့ဘူး။ ကျတာဆိုလို့ စိတ်ဓာတ်ပဲရှိတယ်။ အရင်တစ်ရက်စာ နှစ်သောင်းရတယ်။ အခုဆိုသုံးသောင်းလောက်မှ အဆင်ပြေတယ်” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

ယခင်နှစ်က ကြက်သွန်နီစိုက်တောင်သူများအမြတ်နည်းသဖြင့် ယခုနှစ်တွင်ကြက်သွန်နီ စိုက်ပျိုးမှုလျော့ကျခြင်းနှင့် ပြည်ပအဝယ်ရှိခြင်းတို့ကြေင့် ကြက်သွန်နီတစ်ပိသာ ကျပ် ၁၂၀၀၀ မှ ၁၄၀၀၀ ထိဈေးတက်သွားရကြောင်း ကြက်သွန်ကုန်သည်တစ်ဦးက ဆိုသည်။
လက်ရှိတွင်စက်သုံးဆီဈေးနှုန်းလည်းမြင့်တက်နေမှုကြောင့် ကုန်စည်ပို့ဆောင်ရာ၌ တန်ဆာခနှုန်းထားမြင့်တက် သဖြင့် ကုန်ဈေးနှုန်းအတက်ဘက်တွင်သာ ရှိမည်ဖြစ်ကြောင်း ကုန်သည်များထံမှသိရသည်။
ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ယခုကဲ့သို့ လုပ်ငန်းရှင်သူဌေးများနှင့် အဖွဲ့ဖွဲ့၍ ဆောင်ရွက်ပေးမည်ဆိုသည့်ကိစ္စမှာ မြေပြင်တွင် အမှန်တကယ် အောင်မြင်နိုင်သည့် ကိစ္စမဟုတ်ကြောင်းနှင့် လက်ရှိတွင် စားအုန်းဆီဈေးကွက်ကိုပင် ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။
ဓာတ်ပုံ – ရွေးတုအစိုးရ၊ ဧရာဝတီတိုင်းမ်