ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာရှိ စတားလင့်အင်တာနက်ဆိုင်ကို စစ်တပ်က ဂျက်ဖိုက်တာနှင့် ရဟတ်ယာဉ်များ အသုံးပြု၍ လေကြောင်းမှ တိုက်ခိုက်ဗုံးကြဲခဲ့ရာ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၆ ရက်၊ နေ့လယ် သုံးနာရီခန့်တွင် စစ်တပ်က အဆိုပါကျေးရွာအတွင်းသို့ လေကြောင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အင်တာနက်ဆိုင်နှင့် အနီးအနားရှိ နေအိမ်များပါ ထိခိုက်ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း သိရသည်။
”ကျောင်းဆင်းလို့ စက်ဘီးနဲ့ပြန်လာတဲ့ ကလေးပါထိတယ်။ ကယ်ဆယ်ရေးလုပ်နေတုန်း MI 35နဲ့ပါထပ်လာပစ်တာ။ ဒရုန်းတွေလည်း ထပ်ဝဲလာတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် ဒေသခံများနှင့် လူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း စစ်တပ်က ထပ်မံ၍ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲမှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဗုံးကြဲလေယာဉ်များတက်မလာခင် အဆိုပါ စတားလင့်အင်တာနက်ဆိုင်နှင့် ပတ်ဝန်းကျင်ကို ဒရုန်းများဖြင့် စတင်ပစ်ခတ်ပြီးနောက် ဂျက်ဖိုက်တာမှဆက်တိုက် ဗုံးကြဲလာခြင်းဖြစ်ကြောင်း သိရသည်။