ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ အောက်တိုဘာ ၁၇ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်နှင့် ပျူစောထီးများတပ်စွဲထားသည့် ဖိုးခေါင်စုရွာရှိ လယ်ပြင်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ကျောင်းထိုင်ဆရာတော်ဦးသုမနသည် အာရုံဆွမ်းစားချိန်တွင် ဒေသခံများနှင့် ကထိန်အလှူငွေစာရင်းရှင်းတမ်းများကို ကောင်းမွန်စွာပြောဆိုနေခဲ့ပြီး ဒေသခံများနေအိမ်ပြန်သွားပြီးနောက် မိမိကိုယ်ကိုယ်အဆုံးစီရင်ကာ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း စစ်တပ်ဘက်မှဒေသခံများကို အသိပေးခဲ့ခြင်းဖြစ်သည်။
“အဲဒီမနက်ကလည်း ကထိန်အတွက်အလှူရှင်တွေနဲ့စကားပြောကြပြီး အလှူရှင်တွေလည်းပြန်ရော ခုလိုဖြစ်တာလို့ သိရတယ်။ အလှူရှင်တွေပြန်သွားတော့ သူတို့နေနေတာလေ။ ဘုန်းကြီးကဘာလို့ခုလိုလုပ်ရမှာလဲ။ သူတို့(စစ်တပ်) လုပ်ကြံပြီး လုပ်တာလို့ဘဲယူဆလို့ရပါတယ်။ လုံးဝရိုးရှင်းမှုမရှိပါဘူး” ဟု ဖြစ်စဉ်သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်မှ အဆိုပါဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည်မှာ ကြာမြင့်ပြီဖြစ်ကာ ယခုကဲ့သို့၎င်းတို့ရှိနေချိန်တွင် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသည့်အပေါ် ၎င်းတို့လက်ချက်ဖြစ်နိုင်ကြောင်း ယူဆနေကြခြင်းဖြစ်သည်။
လက်ရှိတွင် သာယာဝတီခရိုင်အတွင်း ရွေးတုအစိုးရလက်အောက်ခံစစ်တပ်နှင့် နှစ်ဘက်စစ်ရေးအခြေအနေတင်းမာခြင်းမရှိသော်လည်း စစ်တပ်၏စစ်ကြောင်းထိုး အင်အားဖြည့်ခြင်းများရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်