ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

ယူကရိန်းက ရုရှား ရေနံချက်စက်ရုံတွေကို တိုက်ခိုက်နေမှုကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာရတာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၅ ရက်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ရုရှား ရေနံချက်စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ရှက်စရာကောင်းတဲ့ ကိစ္စဖြစ်ပြီး တခြား ပစ်မှတ်ထားစရာတွေ အများကြီးရှိတယ်လို့ Newsmax သတင်းဌာနနဲ့ အင်တာဗျူးမှာ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ကမ္ဘာကြီးအတွက် မရှိမဖြစ် လိုအပ်နေတဲ့ ဒီဇယ်ဆီ ထုတ်လုပ်ရာ စက်ရုံတွေကို တိုက်ခိုက်နေတာဟာ ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ၎င်းက အိမ်ဖြူတော်ကနေ ပြောပါတယ်။

ဇီလန်စကီးရဲ့ ခေါင်းဆောင်မှုနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးလိုတဲ့ ဆန္ဒအပေါ်မှာလည်း ဒေါ်နယ်ထရမ့်က မေးခွန်းထုတ်ခဲ့ပြီး ဇီလန်စကီးဟာ စစ်ပွဲပြီးဆုံးမှာကို မလိုလားဘူးလို့ စွပ်စွဲပါတယ်။

ယူကရိန်းမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ နှစ်လကြာ အပစ်အခတ်ရပ်စဲဖို့ အဆိုပြုချက်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ယူကရိန်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ အမှန်တကယ် လိုအပ်နေပြီလို့ ဒေါ်နယ်ထရမ့်က ဖြေကြားပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် လူနေအဆောက်အအုံတွေ ပျက်စီးနေရချိန်မှာ ယူကရိန်းပြည်သူတွေအနေနဲ့ လက်ရှိ ခေါင်းဆောင်မှုအပေါ် ကျေနပ်မှု ရှိမရှိကိုလည်း ဒေါ်နယ်ထရမ့်က မေးခွန်းထုတ်ပါတယ်။

ဇီလန်စကီးကြောင့် တိုင်းပြည် ပျက်စီးရပြီး စစ်ပွဲမှာ ဆုံးရှုံးမှုတွေ များပြားခဲ့ရတာလို့ ပြစ်တင်ထားတဲ့ ယူကရိန်း အမျိုးသမီးတစ်ဦးရဲ့ အင်တာဗျူးကိုလည်း ဒေါ်နယ်ထရမ့်က ကိုးကားပြောဆိုပါတယ်။

ရုရှားနိုင်ငံဟာ လူဦးရေ ပိုများတာကြောင့် စစ်ပွဲမှာ စစ်အင်အား အသာစီး ရရှိထားပြီး စစ်သား အမြောက်အမြား ဆုံးရှုံးမှုကို ခံနိုင်ရည်ရှိပေမဲ့ ယူကရိန်းမှာတော့ စစ်အင်အား လုံလောက်မှု မရှိဘူးလို့ ဒေါ်နယ်ထရမ့်က ထောက်ပြပါတယ်။

ယူကရိန်းစစ်တပ်ဟာ အမေရိကန်နိုင်ငံမှ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အဆင့်မြင့်ဆုံး စစ်လက်နက်တွေကို ရရှိထားတယ်လို့ ၎င်းက ဝန်ခံခဲ့ပါတယ်။

News: Anadolu Agency
Ref; Trump criticizes Zelenskyy over refinery strikes, calls for elections in Ukraine