ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး မစ်ရှင်ကို ဦးဆောင်ဖို့ အသေးစိတ် အစီအစဉ်တွေကို ပြင်ဆင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြင်ဆင်မှုတွေ လုပ်ဆောင်နေဆဲဖြစ်လို့ ရက်အတိအကျကို အခုချိန်မှာ ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲနေသေးပေမဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒက်စ်အင်ပီးရီးယက်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာလာဇာရိုက ဒီနှစ်အတွင်း အဆိုပါ လူသားချင်းစာနာမှု မစ်ရှင်ကို ဦးဆောင်ဖို့ ရည်မှန်းထားကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကူအညီ အရေးတကြီး လိုအပ်နေတဲ့ ဒေသတွေကို လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းတွေ ပိုမို ချဲ့ထွင်ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ အဆိုပြုချက်ဟာ သက်ဆိုင်သူအားလုံးရဲ့ ထောက်ခံမှုကို ရရှိထားတယ်လို့ သိရပါတယ်။
အဆိုပါမစ်ရှင်အတွက် လိုအပ်တဲ့ ခွင့်ပြုချက်တွေကို အစိုးရထံ တောင်းခံသွားမှာဖြစ်သလို ဂျာကာတာမြို့ အခြေစိုက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းရေးဌာန (AHA Centre) နဲ့ ကုလသမဂ္ဂ အပါအဝင် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ လာဇာရိုက ပြောပါတယ်။
လာမယ့် နိုဝင်ဘာလ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တက်ရောက်လာမယ့် ခေါင်းဆောင်တွေအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်သွားမယ်လို့ အင်ပီးရီးယက်က ဆိုပါတယ်။
ဒီငြိမ်းချမ်းရေး အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံ အဓိက အသုံးပြုနေတဲ့ ဒေသတွင်း မူဘောင်တစ်ခု ဖြစ်ပါတယ်။
News: Philippine News Agency (PNA)
Ref; DFA: Philippines Finalizing Plan For ASEAN-Led Humanitarian Mission To Myanmar