ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ အောက်တိုဘာ ၁၆ ရက်

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာ ခမရ-၁၀ တပ်ရင်းမှ စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က၎င်းတို့အချင်းချင်း ဒရုန်းဖြင့်ဗုံးမှားကြဲမိခဲ့သည့်အတွက် ဗိုလ်တစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ပေါက်တောရွာမှ ထွက်လာသည့် အင်အား ၈၀ ပါ စစ်ကြောင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့တွင် ကုန်းသာရွာနှင့် သဲမဲရွာအကြား၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း-၁၊ တပ်ခွဲ-၂ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့သို့ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိဘဲ သဲမဲရွာတွင် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် အင်အားဖြည့်တင်းရန် အင်အား ၇၀ ဖြင့် ထပ်မံစစ်ကြောင်းထိုးလာသည့်တပ်ဖွဲ့များကို အောက်တို ဘာ ၆ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သဲမဲရွာနှင့်ဖောင်အိုင်ရွာကြားတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား သုံး ဦး သေဆုံးခဲ့ကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာအား စစ်တပ်ဘက်မှ အချင်းချင်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည့်အတွက် ဗိုလ်တစ်ဦး အပါအဝင် ကိုး ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးအလောင်းများကို မှတ်တိုင်ရွာမှ နာရေးကူညီမှုကားဖြင့် သုံး ခေါက်တိုင်တိုင် လာရောက် သယ်ဆောင်သွားခဲ့ရကြောင်း သိရသည်။

 

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ လက်နက်ကြီးများ၊ Drop ဗုံးများ၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့