ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
နယ်စပ်မှ ပြင်ပသွင်းကုန်များတင်သွင်းရာတွင် နိုင်ငံခြားငွေလိုအပ်သဖြင့် ရွေးတုအစိုးရသည် နယ်စပ်သွင်းကုန် ၁၄၆ မျိုးကို လိုင်စင်ဖြင့်ထိန်းချုပ်ထားပြီး ပစ္စည်းသွင်းလိုပါက လိုင်စင်လျှောက်ပြီးမှသာခွင့်ပြုမည်ဖြစ်ကြောင်း ရွေးတုလွှတ်တော်ထံမှ သိရသည်။
အဆိုပါ နယ်စပ်သွင်းကုန် ၁၄၆ မျိုးကို ယခင်ကလိုင်စင်လျှောက်ရန်မလိုဘဲ ကုန်ပစ္စည်း၏တန်ဖိုးကို အခွန် သုံး ရာခိုင်နှုန်းဆောင်ပြီး တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မူဆယ်မဲဆန္ဒနယ်မှ ဦးအောင်ဇော်မိုး(ခ)အောင်ဇော်မိုးထွန်းက မူဆယ်မြို့ပေါ်ရှိ နယ်စပ်ဂိတ်များ၌ ပစ္စည်းသယ်ယူမှုကို တန်ဖိုး၏ သုံး ရာခိုင်နှုန်း အခွန်ကောက်ခံပေးရန်နှင့် လူတစ်ဦးလျှင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၅၀ဖိုး သယ်ယူခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားငွေထိန်းချုပ်ကာလဖြစ်နေ၍ နယ်စပ်မှ ကုန်ပစ္စည်းသယ်ယူမှုကို တန်ဖိုး၏ သုံး ရာခိုင်နှုန်း အခွန်ကောက်ခံခွင့်ပြုမှုကို လက်တလောခွင့်ပြုရန်မရှိကြောင်းနှင့် ကျပ်သိန်း ၅၀ တန်ဖိုးသယ်ယူခွင့်မပြုနိုင်ကြောင်း ရွေးတုအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် က ပြောသည်။

ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှု စာရင်းကွာဟမှုကို ပိုမိုဖြစ်စေနိုင်သဖြင့် Myanmar Tradenet 2.0 တွင် သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုကြောင်း ပြောသည်။
”ပစ္စည်းတွေသယ်ရခက်လို့ ဈေးကြီးတာ။ လမ်းကြောင်းကွေ့ဝိုက်သယ်ရတော့ တန်ဆာခပိုတယ်။ ပစ္စည်းကဈေးမရှိဘူး။ မူဆယ်ကနေ မန္တလေးရောက်ဖို့ ဖုန်းနဲ့အပိုပစ္စည်းတွေသယ်ဖို့ ခိုးဝှက်သယ်ရတယ်။ မန္တလေးကနေ ရန်ကုန်ပြန်ပို့ပေါ့။ တရုတ်အဝတ်အထည်တွေကအစ သယ်ရခက်တယ်” မန္တလေးမြို့ခံ ဖုန်းအရောင်းအဝယ်လုပ်သူတစ်ဦးက ပြောသည်။
စစ်တပ်အာဏာမသိမ်းခင် ယခင်က နယ်စပ်ကုန်သွယ်ရေးတွင် လူသုံးကုန်ပစ္စည်းများ၊ ဆေးနှင့်ဆေးဝါးများ၊ အလှကုန်ပစ္စည်းများ နှင့် အခြားအခြေခံကုန်စည် အများအပြားကို သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ အကောက်ခွန်ဆောင်ရုံဖြင့် လွတ်လပ်စွာတင်သွင်းခွင့်ရရှိသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်