ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၆ရက်
‎
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လမ်းသစ်ဘက်သို့ စစ်ကြောင်းထိုး တက်လာသည့် ရွေးတု အစိုးရစစ်တပ် စစ်ကြောင်းသည် အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်မှုကြောင့် တပ်ဆုတ် အရေးနိမ့် ပြန်ပြေးရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က လမ်းသစ် ဂုတ်ကြီးကျေးရွာဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး တက်လာသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းမှာ အောက်တိုဘာ ၉ ရက်ကတည်းက စတင်တက်ရောက်လာခြင်းဖြစ်ပြီး နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အထိနာကာ တပ်ဆုတ်ပြေးခဲ့ရခြင်း ဖြစ်သည်။

‎”မြေပြင်စစ်ကြောင်းတချို့ တပ်ဆုတ်ရလို့ လေကြောင်းက ဆက်တိုက်တက်ပေးနေတယ်လို့သိရတယ်။ မင်းတုန်း၊ ကံကြိုးဘက် တိုက်ပွဲပြင်းထန်နေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
ထို့ပြင် ရွေးတုအစိုးရစစ်တပ်သည် မင်းတုန်း-တလိုင်းတောင်-မအီ လမ်းပိုင်းမှလည်း စစ်ကြောင်း တစ်ကြောင်း ထပ်မံထိုးလာသည့်အတွက် ယမန်နေ့ အောက်တိုဘာ ၁၅ ရက်အထိ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်ကလည်း အမ်း-တလိုင်းတောင်လမ်းသို့ ထိုးစစ်ဆင်လာ၍ ကံကြိုးရွာနှင့် ပတ်ဝန်းကျင်တွင် AA က ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ် တပ်ဖွဲ့ဝင် ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့သည်။

ရွေးတုအစိုးရစစ်တပ်သည် မြေပြင်ထိုးစစ်များတွင် ရှုံးနိမ့်နေသည့်အတွက် လေကြောင်း ပစ်ကူများ ကိုသာ အဓိက မှီခိုအားပြုနေရပြီး ယနေ့ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ L-410 E20 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် နှစ်စီး၊ Y-12 တစ်စီးနှင့် ဂျက်ဖိုက်တာ နှစ်စီးတို့ ငဖဲမြို့နယ် အထက်ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းလျက် ရှိကြောင်း သိရသည်။

အမ်း-ပဒါန်း လမ်းပိုင်းကို စိုးမိုးနိုင်ရန်အတွက် လတ်တလောတွင် ရွေးတုအစိုးရစစ်တပ်က စစ်ကြောင်းနှ စ်ကြောင်း ခွဲ၍ ထိုးစစ်ဆင်နေသော်လည်း ဂုတ်ကြီး လမ်းပိုင်းသို့ တက်လာသည့် တပ်မ (၅၅) လက်အောက်ခံတပ်များ အထိနာကာ တပ်ဆုတ်ထားရကြောင်း သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

ပုံစာ-စစ်တပ်ယာဉ်တန်း (ပုံဟောင်း)