ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရ၏ အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ရပ်ဆိုင်းသွားပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည်လည်း ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ထုတ်ဖော်ပြောသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရနှင့် ထိတွေ့ဆက်ဆံနေသော အပစ်ရပ် လက်ကျန်အဖွဲ့များထဲ အင်အားအကြီးဆုံးဖြစ်ကာ ယမန်နေ့၌ ပြုလုပ်သည့် NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်တွင် အတွင်းရေးမှူးအဖွဲ့ တက်ရောက်၍ ထိုသို့ဆိုခဲ့သည်။
“၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ NCA စာချုပ်အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းတွေဟာ ရပ်တန့်သွားခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း အစုအဖွဲ့အနေနဲ့ စုပေါင်းဆွေးနွေးတာမျိုး မရှိတော့ဘဲ တစ်ဖွဲ့ချင်းအနေနဲ့သာ ဆောင်ရွက်ခဲ့ရတဲ့ အခင်းအကျင်းဖြစ်သွားတယ်” ဟု RCSS အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းကို စောင့်ကြည့်ရန် ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းထားသော်လည်း တိတိကျကျဆောင်ရွက်နိုင်ခြင်းမရှိသလို အဖွဲ့အစည်းအဆင့်၌ Bilateral သဘောတူညီချက်အတိုင်း အကောင်အထည်မဖော်နိုင်၍ နိုင်ငံတဝန်းလုံး ရိုက်ခတ်ခဲ့ကြောင်း ၎င်းက ထောက်ပြသည်။
ယင်းကြောင့် ငြိမ်းချမ်းရေး အသီးအပွင့်များ မစံစားရသည့် ဒေသခံလူထုအနေဖြင့် (၁၁) နှစ်သား NCA အပေါ် ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ပြီး တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မရှိမဖြစ်လိုအပ်သော ယုံကြည်မှုများ အချင်းချင်းကြား တည်ဆောက်နိုင်ခြင်း မရှိကြောင်း ဆက်လက်ဆိုသည်။
လက်ရှိ နိုင်ငံရေးအခြေအနေ အခင်းအကျင်းအောက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ငြိမ်းချမ်းရေး ရရှိလိုသည့် နိုင်ငံရေးဆန္ဒ၊ တိကျရှင်းလင်းသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မူဝါဒ၊ ဖြေလျှော့မှုများ၊ တည်ငြိမ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ယန္တရားအပါအဝင် (၁၀) ချက်ဖြင့် ကြိုးပမ်းဆောင်ရွက်လိုကြောင်း တိုက်တွန်းသည်။
အဆိုပါအချက်ထဲတွင် တန်းတူရည်တူရှိခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း၊ အလွတ်သဘော ဆွေးနွေးပွဲ၊ နေရာ၊ လူထု၊ Stakeholders များ၏ ပါဝင်ခြင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း အခန်းကဏ္ဍ၊ သတင်းမီဒီယာ၏ ကူညီပံ့ပိုးခြင်းများ ပါဝင်နေကြောင်း RCSS အတွင်းရေးမှူး-၁ ပြောဆိုချက်များအရ သိရသည်။
ယခင်အပစ်ရပ် NCA စာချုပ်ကို RCSS အပြင် KNU ၊ KNU/KNLA-PC ၊ DKBA ၊ CNF ၊ ALP ၊ ABSDF ၊ PNLO ၊ NMSP နှင့် LDU စုစုပေါင်း အဖွဲ့ (၁၀) ဖွဲ့ လက်မှတ်ရေးထိုးထားသော်လည်း စစ်အာဏာသိမ်းမှုကြောင့် KNU ၊ CNF ၊ ABSDF ၊ PNLO အပါအဝင် NMSP ၊ LDU မူလအဖွဲ့တို့က ခုခံတော်လှန်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – 7 eao alliance