‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၆ရက်
‎
‎ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ရွေးတုအစိုးရစစ်တပ်က အင်အားဖြည့်တင်းကာ စစ်ကြောင်း ငါး ကြောင်းခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ KIA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
‎
‎ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ရွေးတုအစိုးရစစ်တပ်သည် ဗန်းမော်တက္ကသိုလ်ဘက်မှ တာမိုင်းလုံနှင့် မိုးမောက်သွားလမ်းဆီသို့ စစ်ကြောင်း သုံး ကြောင်း၊ သင်္ချိုင်းကုန်းနှင့် ဆင်ကုန်းရပ်ကွက်ဘက်မှ ကုန်းမဟတ်ရပ်ကွက်ဘက်သို့ စစ်ကြောင်း နှစ် ကြောင်းဖြင့် အသီးသီးခွဲထွက်ကာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ‌ကြောင်းသိရသည်။
‎
‎”ကုန်းမဟတ်ဘက်မှာ တိုက်ပွဲတွေ ပိုပြင်းထန်နေပါတယ်။ ခလရ ၄၇ဘက်ကလည်း တပ်တွေဖြန့်ထွက်လာတယ်လို့ သိရပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎
‎မြို့၏အနောက်ဘက် မြစ်ကမ်းနားနီးနှင့် ရွေးတုအစိုးရရုံးစိုက်ရာ မြို့တွင်းနေရာတချို့ကို စစ်တပ်ဘက်က ပြန်လည်စိုးမိုးထားသော်လည်း မြို့အစွန်ပိုင်းဒေသများတွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ အထူးသဖြင့် ကုန်းမဟတ်နှင့် ဟန်တဲဘက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့ပြီး စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။
‎
‎ထို့အပြင် ယနေ့အောက်တိုဘာ ၁၆ ရက်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်၏ တံတားဦး‌တက် ဂျက်ဖိုက်တာ သုံး စီးဖြင့် ဗန်းမော်နယ်ထဲသို့ လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
‎
‎စက်တင်ဘာ ၃ ရက်က ကမ်းကပ်နိုင်ခဲ့သည့် သင်္ဘောများမှ စစ်ကူနှင့် လက်နက်ခဲယမ်းများ ရရှိပြီးနောက် စစ်တပ်က ဗန်းမော်တိုက်ပွဲကို ယခုကဲ့သို့ ပြန်လည်ပုံဖော်လာခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗန်းမော်တက္ကသိုလ်အနီးတိုက်ပွဲတွင် စစ်တပ်ဘက်က အထိနာသွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။