‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၆ရက်
‎
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို သိမ်းပိုက်ရန် စတင်ပြုလုပ်ခဲ့သည့် ရွေးတုအစိုးရစစ်တပ်၏ ထိုးစစ်များသည် အာရက္ခတပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကြောင့် လက်ရှိတွင် စစ်တွေ မြို့သိမ်းတိုက်ပွဲကို ခုခံကာကွယ်ရသည့် ခံစစ်အသွင်သို့ လုံးဝပြောင်းလဲရောက်ရှိ သွားပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အာရက္ခတပ်တော် (AA) သည် ယမန်နေ့ အောက်တိုဘာ ၁၅ ရက်က စစ်တွေမြို့နယ်နှင့် အလွန်နီးကပ်သည့် ရေချမ်းပြင်ကျေးရွာရှိ စစ်တပ် ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီးနောက် ရေချမ်းပြင် အပါအဝင် စစ်တွေမြို့မြောက်ဘက်ရှိ အမြင့်ကျွန်း၊ မင်းချောင်း၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း အစပ်ဒေသများ၌ တိုက်ပွဲများ အရှိန်ဟုန်မပျက် ဆက်လက် ပြင်းထန်နေခြင်းဖြစ်သည်။
‎
‎”ရေချမ်းပြင် ထိုးစစ်ကပိုပြင်းထန်လာတယ်။ ဒကစရှိတဲ့ သက္ကယ်ပြင်ကနေ စစ်တပ်က ပစ်ကူပေးနေ တာရှိတယ်။ ကျက်တောပြင်က စစ်စခန်းတစ်ခုလည်း သိမ်းတယ်ကြားရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
‎
ရွေးတုအစိုးရစစ်တပ်သည် မြေပြင်တွင် စခန်းများကို ဆက်တိုက် လက်လွှတ်နေရပြီး တိုက်ပွဲဖြစ်ပွားရာ နယ် မြေများအပြင် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဘက်နေရာများကိုပါ လေကြောင်း၊ ရေကြောင်းနှင့် လက် နက်ကြီးများ အသုံးပြုကာ ဆက်တိုက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

လက်ရှိအချိန်တွင် ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်အစပ်တို့၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်အနေဖြင့် ပြည်နယ်မြို့တော် စစ်တွေမကျရေးအတွက်သာ အဓိကထား ခုခံနေရသည့် အခြေ အနေသို့ ရောက်ရှိနေကြောင်း သိရသည်။

ရွေးတုအစိုးရစစ်တပ်သည် ပုဏ္ဏားကျွန်းအစပ်ရှိ ခမောင်းတောကျေးရွာဘက်ကို ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း မြေပြင်စစ်ရေးအရ စစ်တွေမြို့နယ် အတွင်းမှသာ ခံစစ်ဖြင့် ခုခံနေရသည့် အခြေအနေသို့ ပြောင်းလဲသွားကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk