ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
မြန်မာစစ်တပ်ထံ လက်နက်ခဲယမ်းများ၊ ဂျက်လေယာဉ်ဆီ၊ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများအပြင် ဆက်စပ်နည်းပညာများ ရောင်းချခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းတို့ကို ရပ်တန့်ပေးရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို NUG အစိုးရကိုယ်စားပြု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၂ ရက်က နယူးယောက်မြို့တွင် ကျင်းပသည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် စစ်တပ်၏ တိုက်ခိုက်မှုများနှင့် လက်နက်ထောက်ပံ့မှုဆိုင်ရာ အခြေအနေများကို တင်ပြခဲ့ပြီး ယင်းတောင်းဆိုချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးကျော်မိုးထွန်းက စစ်အုပ်စု၏ အရပ်သားများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များနှင့် ဆိုးရွားသည့် ရာဇဝတ်မှုများမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က လက်နက်များ၊ တိုက်လေယာဉ်များ၊ ခဲယမ်းမီးကျောက်များနှင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းတို့ကြောင့် ပိုမိုအားကောင်းလာခဲ့ကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) ၏ နောက်ဆုံးအစီရင်ခံစာတွင် စစ်တပ်က ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းများနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအပါအဝင် အရပ်သားပိုင်အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုပုံစံများကို ဖော်ထုတ်ထားကြောင်း ၎င်းက ပြောသည်။
ယင်းတိုက်ခိုက်မှုများအနက် အများအပြားမှာ စစ်ရေးအရ အရေးပါသည့် ပစ်မှတ်မရှိသော နေရာများရှိ အရပ်သားပိုင်အဆောက်အအုံများကို ထိမှန်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်တပ်သည် ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေသူများကို ထပ်မံပစ်မှတ်ထားတိုက်ခိုက်သည့် “နှစ်ဆင့်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု” (Double-tap aerial attacks) များကို ပိုမိုအသုံးပြုလာသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများ ပိုမိုဆိုးရွားလာကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။

ထို့အပြင် လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဒေသခံဈေးတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အနည်းဆုံး ၄၉ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ကုလသမဂ္ဂတွင် တင်ပြခဲ့သည်။
စစ်တပ်သည် သမားရိုးကျလေယာဉ်များအပြင် အပန်းဖြေရာတွင် အသုံးပြုသည့် စက်တပ်လေထီးများ (Paramotors)၊ ဂိုင်ရိုကော်ပတာများ (Gyrocopters) နှင့် မောင်းသူမဲ့လေယာဉ်များ (UAVs) ကိုလည်း စစ်ဆင်ရေးများတွင် ပိုမိုအသုံးပြုလာကြောင်း၊ ယင်းသို့အသုံးပြုမှုကြောင့် အရပ်သားများအနေဖြင့် တိုက်ခိုက်မှုများကို ကြိုတင်သိရှိရန်၊ ဘေးလွတ်ရာသို့ ထွက်ပြေးရန်နှင့် အကာအကွယ်ရယူရန် ပိုမိုခက်ခဲလာကြောင်း ၎င်းက ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ သတ်ဖြတ်မှုများကြောင့် လူပေါင်း ၈,၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေမှာလည်း ၄ သန်းကျော်အထိ ရှိလာကြောင်း ဦးကျော်မိုးထွန်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
တစ်ဖက်တွင် စစ်အုပ်စု၏ နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် ယင်းအစီအစဉ်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်မဟုတ်သည့် ကိစ္စရပ်များတွင် အလွဲသုံးစားပြုနိုင်ခြေအပေါ် စိုးရိမ်ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောသည်။
နျူကလီးယားစွမ်းအင်အစီအစဉ်အပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ မည်သည့်ပူးပေါင်း ဆောင်ရွက်မှုကိုမဆို စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီပြန်လည်ထူထောင်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုအောက် ရောက်ရှိလာသည့်အချိန်မှသာ မြန်မာနိုင်ငံသို့ ပံ့ပိုးဆောင်ရွက်သင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။
ထို့အပြင် မြန်မာစစ်အုပ်စုနှင့် နှစ်နိုင်ငံအဆင့် သို့မဟုတ် ဒေသတွင်းအဆင့် ဆက်ဆံထိတွေ့မှုများသည် စစ်အုပ်စုက မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးရာရောက်နိုင်ကြောင်း၊ အရပ်သားများ၏ အသက်အန္တရာယ်ကာကွယ်ရေးကို ထိခိုက်စေသည့် ဆက်ဆံထိတွေ့မှုများကို အားပေးပံ့ပိုးခြင်းနှင့် ဆက်လက်ဆောင်ရွက်ခြင်း မပြုသင့်ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။
နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့ပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆုံးဖြတ်ချက်အဆိုမူကြမ်းအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုနှင့် ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ပေးမှုတို့ကို တောင်းဆိုခဲ့သည်။
ဦးကျော်မိုးထွန်းက မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိခိုက်နစ်နာမှုများကို လျှော့ချနိုင်ရန် မြန်မာစစ်တပ်ထံ လက်နက်ခဲယမ်းများ၊ ဂျက်လေယာဉ်ဆီ၊ နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းတို့ကို ရပ်တန့်ပေးရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို ထပ်မံမေတ္တာရပ်ခံခဲ့သည်။