ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်

မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ ရော့ဘ်မြို့နယ်တွင် မလေးရဲအရာရှိတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့သည့် မြန်မာနိုင်ငံသား ခူမီးအမျိုးသား နှစ်ဦးကို ထောင်ဒဏ် လေးနှစ်စီ ချမှတ်ခဲ့ကြောင်း လူမှုကူညီရေးဆောင်ရွက်သူထံမှ သိရသည်း။

အဆိုပါ ခူမီးအမျိုးသားနှစ်ဦးသည် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ အန်ခိုဝကျေးရွာမှ အသက် (၂၀) ကျော် အရွယ်နှင့် အသက် (၃၀) အရွယ်ဖြစ်သည့် အိုက် ကျော်မင်းထွန်း နှင့် အိုက်ကျော်လင်းထွန်း ဆိုသူတို့ဖြစ်ကြသည်။

ရော့ဘ်မြို့နယ် တရားရုံးက အဆိုပါ နှစ်ဦးကို တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို ထိခိုက်နာကျင်စေမှု ပုဒ်မ ၃၃၃ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့တွင် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။

“သူတို့ကို တရားစွဲဆိုတဲ့ ပုဒ်မက ထောင်ဒဏ် (၁၀) နှစ်လောက် ချမှတ်လို့ရတယ်။ ကျတော်တို့က ရှေ့နေ ငှားရမ်းပြီး တရားရုံးမှာ ခုခံချေပခဲ့တယ်။ ရှေ့နေက ပြစ်ဒဏ်လျော့ပေါ့အောင် ဆောင်ရွက်ပေးနိုင်ခဲ့သလို့ ထောင်ဒဏ် လေးနှစ်လောက်ပဲ ကျခံစေတာပါ”ဟု လူမှုကူညီရေးဆောင်ရွက်ပေးသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အဆိုပါ ခူမီးအမျိုးသားနှစ်ဦးသည် မလေးရှားတွင် တရားဝင်နေထိုင်ခွင့် အထောက်အထား မရှိသည့်အတွက် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(ဂ) အရ တရားမဝင် နေထိုင်မှုအတွက် ထောင်ဒဏ် လေးလစီကိုလည်း ထပ်မံချမှတ်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ပ ရော့ဘ်မြို့နယ်၊ Kampung Pamah Kulat ကျေးရွာရှိ လမ်းဘေးတွင် အသံချဲ့စက်ကို အသံကျယ်ကျယ်ဖွင့်ကာ ဆူညံနေသည့်အတွက် ဒေသခံများက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။

ထိုသို့ ရဲအရာရှိတစ်ဦးက သတိပေးစကားပြောစဥ် ခူမီးအမျိုးသားနှစ်ဦးက ရဲအရာရှိကို ထိုးကြိတ်ရိုက်ခဲ့ခြင်းဖြစ်ပြီး ရဲအရာရှိဖြစ်သူမှာ ထိခိုက်ဒဏ်များရရှိကာ ရော့ဘ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။