ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ရွေးတုအစိုးရတပ်မှ ၎င်းလက်အောက်ခံ ပျူစောထီး၊ ရှမ်းနီ၊ ကသည်း စသည့် တပ်ဖွဲ့ဝင် အင်အားအများအပြားချထားသော်လည်း ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ ည ရှစ်နာရီခန့်တွင် အမှတ် (၄) ရပ်ကွက်ရှိ အိမ်စျေးဆိုင်တွင် စျေးဝယ်ဟန်ဆောင်ပြီး သေနတ်အရှည်တစ်လက်ဖြင့် အမျိုးသားတစ်ဦး ဓားမြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ညဘက် စျေးဆိုင်မပိတ်ခင် အရပ်ဝတ်နဲ့ အမျိုးသားတစ်ယောက် သေနတ်အရှည် တစ်လက်နဲ့ ထုတ်ပြ ခြိမ်းခြောက်သွားပြီး ဆိုင်ထဲက တစ်နေကုန် ရောင်းရတဲ့ ငွေသားတွေနဲ့ ဖုန်းတွေကို ယူသွားတယ်”ဟု တမူးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တမူးမြို့တွင် ခိုးဆိုးလုယက်နှင့် ဓားပြအမှုတို့ကို တိုင်ကြားထားသော်လည်း အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ဆိုင်ရှင်က ရဲစခန်းထံ တိုင်ကြားခြင်း မရှိကြောင်း သိရသည်။

“အရင်ရက်တွေက စော်ဘွားရေရှင်ဘက် ဓားပြတိုက်တုန်းကလည်း ရဲစခန်းမှာ တိုင်ကြားထားတယ်။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်။ ရဲတွေက အားတက်သရော အမှုကို စုံစမ်းစစ်ဆေးတာ မရှိဘူး။ နောက်ပိုင်းလူတွေက ဘာဖြစ်ဖြစ် ရဲတွေ တိုင်ကြားတာတွေ မရှိတော့ဘူး” ဟု တမူးမြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

တမူးမြို့ ဓားပြတိုက်မှုတွင် ရွေးတုအစိုးရတပ်၏ လက်အောက်ခံဖြစ်သော ပျူစောထီးဝင်များလည်း ပါဝင်ပတ်သက်နေသည့်အတွက်ကြောင့် ရဲစခန်းက ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်း မရှိခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။