နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
စစ်အာဏာသိမ်းမှုနှင့်အတူ ရွေးတုအစိုးရ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ကလေး ၇ သန်းနီးပါး ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး လူငယ် ၅ သန်းကျော် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနေသော် လည်း မိမိတို့ လက်ထက်တွင် စာတတ်မြောက်မှုနှုန်း တိုးတက်လာကြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နေပြည်တော်တွင် ယမန်နေ့ စက်တင်ဘာ ၈ ရက်က ပြုလုပ်သည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ရွေးတုသမ္မတက ၎င်းတို့၏ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ စာတတ်မြောက်မှုနှုန်းနှင့် တွက်ချက်မှု တတ်မြောက်နှုန်း တိုးတက်လာကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ယခုအခါမှာ ကျေးလက်ဒေသနေ ပြည်သူတွေနဲ့ အစွန်အဖျားဒေသတွေက ပြည်သူတွေ စာတတ်မြောက်ရေး ဆောင်ရွက်ပေးဖို့ လိုအပ်လာလို့ အလေးထား ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့်လည်း ၂၀၂၄ ခုနှစ် သန်းခေါင် စာရင်းအရ စာတတ်မြောက်မှုနှုန်းနဲ့ တွက်ချက်မှု တတ်မြောက်နှုန်း တိုးတက်မှု ရှိလာတယ်” ဟု ရွေးတုသမ္မတက ပြောသည်။

စစ် အာဏာသိမ်းထားခြင်းကြောင့် နိုင်ငံတကာ အကူအညီရရှိခြင်းမရှိဘဲ ၎င်းတို့ ထိန်းချုပ်စိုးမိုးနိုင်သည့် နေရာအချို့တွင်သာ ကောက်ယူခဲ့သော ၂၀၂၄ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံ၏ စာတတ်မြောက် မှုနှုန်းမှာ ၉၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် တွက်ချက်မှု တတ်မြောက်နှုန်းမှာ ၉၂ ဒသမ ၃ ရာခိုင်နှုန်း ရှိလာသည် ဟု ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။
၂၀၁၄ သန်းခေါင်စာရင်းတွင် စာတတ်မြောက်မှု ၈၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းတွင် ၈၉ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် ၎င်းအာဏာသိမ်းပြီးနောက် စာတတ် မြောက်မှုနှုန်း ပိုမိုတိုးတက်လာကြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က နှိုင်းယှဉ် ထောက်ပြခဲ့သည်။
သိုသော် ရွေးတုအစိုးရ၏ ၂၀၂၄ သန်းခေါင်စာရင်းသည် ခန့်မှန်းတွက်ချက်မှု အများအပြား ပါဝင်နေပြီး မြေပြင်အခြေ အနေများနှင့် ကွဲလွဲနေကြောင်း လေ့လာသူများက ထောက်ပြထားသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ကလေး ၇ သန်းနီးပါး (ကျောင်းနေအရွယ် ကလေး ထက်ဝက်ကျော် သို့မဟုတ် ၅၃ ရာခိုင်နှုန်း) မှာ အခြေခံပညာရေး ဆုံးရှုံးနေရကြောင်း သိရသည်။

စာတတ်မြောက်မှုနှုန်းကို အသက် ၁၅ နှစ်နှင့်အထက် အခြေခံ စာရေး၊ စာဖတ်၊ အတွက်အချက် တတ်မြောက်မှုဖြင့် တိုင်းတာခြင်းဖြစ်သော်လည်း ထိုကဲ့သို့ ကလေး သန်းနှင့်ချီ ကျောင်းပြင်ပရော က်နေခြင်းသည် အနာဂတ်တွင် စာမတတ်သူ ဦးရေ တိုးပွားလာစေမည့် အကျိုးဆက်ဖြစ်ကြောင်း စစ်ရေးနှင့် လူမှုရေး လေ့လာသူများက သုံးသပ်ထားသည်။
“ကျောင်းပြင်ပ ရောက်သွားတဲ့ ကလေးအများစုက စာသင်ခန်းတွေဆီ ပြန်လာမှာ မဟုတ်ဘူး။ အိမ်မှာပဲဖြစ်ဖြစ်၊ အခြားစာသင်ပေးသူရှိလို့ဖြစ်ဖြစ် နည်းနည်းပါးပါး စာရေးတတ် ဖတ်တတ်ရင်တောင် စနစ်တကျသင်ယူတတ်မြောက်ထားတာမဟုတ်လို့ အနာဂတ်မှာ ကြုံရာကျပန်း လုပ်တဲ့ ကာယ လုပ်သားပဲ ဖြစ်သွားမှာ၊ ဒါဟာ လူစွမ်းအား အရင်းအမြစ် ပျက်စီးမှုတစ်ခုပါပဲ” ဟု CDM အရာရှိ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အလားတူ စစ်အာဏာသိမ်းမှုနှင့်အတူ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြန်မာလူငယ် ၄ ပုံ ၃ ပုံ (၅ သန်း) ကျော်မှာ ဆက်လက် ပညာသင်ကြားနိုင်ခြင်း မရှိတော့သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများပါ ဆုံးရှုံးနေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကလည်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရွေးတုအစိုးရ စစ်တပ်သည် တပ်အင်အား လိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် အသက် မပြည့်သေးသည့် ကလေးသူငယ်များပါမကျန် စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ ဖမ်းဆီးနေပြီး အရပ်သားများ၊ စာသင် ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများနှင့် ဆေးရုံဆေးခန်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
ဓာတ်ပုံ – MOI