ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု အမြင့်ဆုံး အဆင့် ၅ သတိပေးချက် ထုတ်ပြန်ထားပြီး မြေအောက်လမ်းများ၊ မြေအောက် ဈေးဝယ်စင်တာများနှင့် မြေအောက် ကားပါကင်များအတွင်းသို့ ရေဝင်ရောက်မည့် အန္တရာယ်ရှိသဖြင့် မြေအောက်ဧရိယာများ၌ ကြာရှည်စွာ မနေကြရန် သတိပေးထားကြောင်း သိရသည်။
နာဂိုယာမြို့သည် မြန်မာနိုင်ငံမှ လူငယ်များ ကျောင်းတက်ခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းအတွက် အများဆုံး သွားရောက်နေထိုင်သည့် ဒေသတစ်ခုလည်း ဖြစ်သည်။
ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်းက နာဂိုယာမြို့တွင် မိုးရေချိန် ၁၀၄ ဒသမ ၅ မီလီမီတာအထိ စံချိန်တင် ရွာသွန်းခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ထုတ်ပြန်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှောနိုင်းမြစ် (Shonai River) အတွက် ရေကြီးမှု အဆင့် ၅ သတိပေးချက် သတ်မှတ်ထားပြီး ယင်းမြစ် ဖြတ်သန်းစီးဆင်းသည့် အိုင်ချီနှင့် ဂီဖူ အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်အတွက် ရေကြီးရေလျှံမှု သတိပေးချက်များ ထုတ်ပြန်ထားကြောင်း The Japan Times သတင်းတွင် ဖော်ပြထားသည်။
“ကျောင်းနဲ့ နီးစပ်သူတွေက အဆင်ပြေတယ်။ ကျောင်းနဲ့ ဝေးတဲ့သူတွေကို အဆောင်မှာ အိပ်ခိုင်းကြတယ်။ အချို့တွေ ကျောင်းဆင်းပြီး အိမ်ပြန်ကြတာ မိုးချုပ်မှ ပြန်ရောက်ကြတယ်။ အလုပ် လုပ်တဲ့သူတွေလည်း အိမ်ပြန်မရလို့ အလုပ်မှာ အိပ်ကြရတယ်။ အချို့အလုပ်တွေက ရေကြီးတာတောင် ပိတ်မပေးဘူးလို့ သိရတယ်” ဟု နာဂိုယာရောက် မြန်မာတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
သတိပေးချက် အဆင့် ၅ အရ အနီးပတ်ဝန်းကျင်ရှိ မြင့်မားသော အဆောက်အအုံများ သို့မဟုတ် မိမိတို့ နေအိမ်၏ ဒုတိယထပ်နှင့် အထက်မြင့်သည့် လုံခြုံသော နေရာများသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်း ထားသည်။
မြေအောက်ဧရိယာများဖြစ်သည့် ချီကူဆာ၊ မိုရီယာမာနှင့် မေတို ရပ်ကွက်များ၏ အချို့နေရာများတွင် ရေနုတ် မြောင်းစနစ်များက မိုးရေကို ထိန်းနိုင်ခြင်းမရှိဘဲ မြေအောက်လမ်းများ၊ မြေအောက် ဈေးဝယ် စင်တာများနှင့် မြေအောက် ကားပါကင်များအတွင်း သို့ ရေဝင်ရောက်နိုင်သဖြင့် မြေအောက်ဧရိယာ များ၌ ကြာရှည် မနေရန် သတိပေးထားသည်။
ထို့ပြင် မြို့အတွင်းရှိ လမ်းမများပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ်များ၏ တံခါးများအထိ ရေမျက် နှာပြင် မြင့်တက်လာသဖြင့် ကားများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။
လက်ရှိတွင် ရေကြီးရေလျှံမှုကြောင့် ကိုယ်ထူကိုယ်ထ လွတ်မြောက်သွားကြသူ အများအပြားရှိပြီး ရေဘေးတွင် ပိတ်မိနေသူ မရှိသေးကြောင်း သတင်း၌ ဖော်ပြထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ကိုးကား – The Japan Times