ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်

 

ရွေးတုအစိုးရစစ်တပ်သည် မန္တလေးတိုင်းအတွင်း တိုက်ပွဲများ၌ ဖမ်းဆီးရမိထားသူများ၊ စစ်ကြောင်းထိုး စဉ် လမ်းပြအဖြစ် အဓမ္မ ဖမ်းဆီးခံထားရသည့် ဒေသခံလူငယ်များနှင့် တော်လှန်ရေးတပ်ဖွဲ့အချို့မှ ထွက်ပြေးလာသူများကို စုစည်းကာ “ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာသူများ” ဟုဆိုကာ ယမန်နေ့ စက်တင်ဘာ ၇ ရက်က မန္တလေးမြို့တွင် ဟန်ပြ အခမ်းအနားပြုလုပ်၍ ထုတ်ပြန်ခဲ့သည်။

 

ရွေးတုအစိုးရ၏ ဝါဒဖြန့် မီဒီယာများတွင် PDF အဖွဲ့ဝင် အမျိုးသား ၁၇၇ ဦးနှင့် အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၁၉၅ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသဖြင့် မိဘများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့အတွင်း စစ်ကြောင်းထိုးစဉ် ရွေးတုအစိုးရစစ်တပ်က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံလူငယ်များနှင့် တပ်ရင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာသူများကို သီးခြားထိန်းသိမ်းထားပြီးမှ အစုလိုက်အပြုံလိုက် အလင်းဝင်လာသည့် ပုံစံမျိုးဖြစ်အောင် လုပ်ဇာတ်ခင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ် များ၏ဖြေကြားချက်အရ သိရသည်။

“သူတို့ ထုံးစံအတိုင်းပါပဲ။ စစ်ကြောင်းထိုးတုန်းက ရွာတွေထဲကနေ ဖမ်းသွားတဲ့ လူငယ်တွေကို ရောပြီးတော့မှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူဆိုပြီး ဝါဒဖြန့်တာ။ တကယ့်တကယ် တော်လှန် ရေးတပ်ဖွဲ့ကနေ လက် နက်ပါယူပြီး အလင်းဝင်တဲ့သူဆိုတာ လက်ချိုးရေလို့ ရပါတယ်။ အခု သတင်းမှာပါတဲ့ လက်နက်အရေအတွက် နိမ့်ပါးမှုနဲ့ လူဦးရေကို ကြည့်ရင် ဒါဟာ လုပ်ကြံဖန်တီးထားတဲ့ ဟန်ပြပွဲဆိုတာ အထင်အရှား ပေါ်နေပါတယ်” ဟု အလယ်ပိုင်းတိုင်း စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လူအယောက် ၂၀၀ နီးပါး အလင်းဝင်သည်ဟု ဆိုသော်လည်း ပါရှိလာသည့် လက်နက်မှာ မောင်းပြန် ရိုင်ဖယ် ခုနစ် လက်နှင့် လက်လုပ်သေနတ် တစ် လက်၊ စုစုပေါင်း ရှစ် လက်သာ ဖော်ပြထားသည်ကို တွေ့ရသည်။ ထို့ပြင် လူဦးရေ ၁၉၅ ဦးအနက် ၁၈၄ ဦးမှာ လက်နက်မဲ့များဖြစ်သည်ဟု ဆိုခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ဖမ်းဆီးခံထားရသည့် အရပ်သားများနှင့် တပ်ပြေးများသာ ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။

 

မန္တလေးမြို့၊ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်သည့် အဆိုပါပွဲသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးတို့ တက်ရောက်ခဲ့ပြီး အလင်းဝင် လာသူများကိုလည်း ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ ငွေကြေးအချို့ ထောက်ပံ့ပေးခဲ့ ကြောင်း ဆိုထားသည်။

 

ရွေးတုအစိုးရစစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့များအတွင်း စိတ်ဓာတ်ကျဆင်းစေရန်နှင့် ပြည်သူများ အကြား ထင်ယောင်ထင်မှား ဖြစ်စေရန်အတွက် တပ်ရင်းများမှ ထွက်ပြေးလာသည့် တပ်ပြေးများနှင့် ဖမ်းဆီးခံရသူများကို သတင်းစာရှင်းလင်းပွဲများ၊ အလင်းဝင်ပွဲများတွင် အသုံးချကာ ဝါဒဖြန့်ချိမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။