ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းကြောင့် ကြုံတွေ့နေရသည့် နိုင်ငံခြားငွေ အကျပ်အတည်းကို ဖြေရှင်းရန် ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ စီးပွားရေးဆိုင်ရာ B to B MoU ၇ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်နှင့် ဒေါ်ကြူကြူလှတို့သည် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်၏ နောက်ဆုံးနေ့တွင် ကျင်းပသည့် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” ၌ သီလဝါအထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းများတွင် ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံကြရန် စည်းရုံးပြောဆိုခဲ့သည်။

 

အဆိုပါ ဖိုရမ်သို့ နှစ်နိုင်ငံမှ စီးပွားရေးကိုယ်စားလှယ် ၆၀၀ ခန့် တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ Digital Transformation/နည်းပညာ၊ ဓာတ်သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်ရန် B to B MoU ၇ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ရွေးတုအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဖြေကြားထားသည်။

“ကျွန်မတို့နိုင်ငံက ထွက်သွားတဲ့ အရင်စီးပွားရေးလုပ်ငန်းရှင်တွေ ပြန်လာဖို့ စိတ်ဝင်စားနေတယ်။ မေးမြန်းတဲ့ သတင်းတွေ ကြားရတယ်။ နောက်ထပ် ထပ်ပြီးတော့မှ လာချင်တဲ့ ရင်းနှီးမြှုပ်နှံချင်တဲ့ အဖွဲ့တွေလည်း ရှိတယ်လို့ သိရပါတယ်” ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

 

ဗီယမ်နမ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များကို ဗီယက်နမ်သို့ အဓိကတင်ပို့ပြီး ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာ၊ ပလတ်စတစ် ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ သံမဏိထုတ်ကုန်များကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံ၏ ထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှုမှာ Mytel ဆက်သွယ်ရေး လုပ်ငန်းဖြစ်ပြီး ဗီယက်နမ်စစ်တပ်ပိုင် ကုမ္ပဏီနှင့် ရွေးတုအစိုးရ စစ်တပ်ပိုင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်နေခြင်းဖြစ်သည်။

 

၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ မှတ်တမ်းတင်ထားသော Viettel Global ၏ ကြားဖြတ်ဘဏ္ဍာရေး ရှင်းတမ်းများအရ Mytel မှ ပေးဆပ်ရန် ကျန်ရှိနေသည့် ရက်လွန်ချေးငွေ ဗီယက်နမ်ဒေါင် ၉.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၇၅ သန်းခန့်) ရှိကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ထားသည်။

 

အာဆီယံအဖွဲ့အတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေချိန်တွင် ဗီယက်နမ် နိုင်ငံက မင်းအောင်လှိုင်အား လက်ခံကြိုဆိုခဲ့သည့် လုပ်ရပ်အပေါ် ဗီယက်နမ်သည် အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု JFM က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ ထားသည်။

 

ဓာတ်ပုံ – PPIB