ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘက္ခလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်း လာနိုင်ပြီး မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေသဖြင့် မြန်မာနိုင်ငံတစ်ဝန်း မိုးဆက်လက် ကြီးနိုင်ကာ ဧရာဝတီမြစ်ရေသည်လည်း မြို့အများအပြားတွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။
စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

လက်ရှိ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ဧရာဝတီတိုင်းအတွင်း ဧရာဝတီမြစ်ရေသည် ဆိပ်သာ မြို့တွင် စိုးရိမ်ရေမှတ်အောက် ၁ ပေ ၈ လက်မခန့်အလိုသို့ ရောက်ရှိနေပြီး နောက် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ထို့အတူ ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေ ၄ လက်မခန့်အလိုသို့ ရောက်ရှိနေပြီး လာမည့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။ ဇလွန်မြို့တွင်မူ စိုးရိမ်ရေမှတ်အောက် ၂ ပေ ၁ လက်မခန့်အလိုသို့ ရောက်ရှိနေပြီး လာမည့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လေးမျက်နှာမြို့ရှိ ငဝန်မြစ်ရေပါ လိုက်ပါမြင့်တက်လာ နိုင်သဖြင့် လက်ရှိ ကျိုးပေါက်နေသည့် ငဝန်တာတမံ ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများတွင် အခက်အခဲရှိနိုင်ကာ ရေဝင်ရောက်မှု ပြန်လည်မြင့်တက်လာမည်ကို စိုးရိမ်လျှက်ရှိကြောင်း ဒေသခံ လူမှုကူညီရေး ဆောင်ရွက်သူများထံမှ သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေအပါအဝင် စစ်တောင်းမြစ်ရေနှင့် သံလွင်မြစ်ရေတို့သည်လည်း စိုးရိမ်ရေမှတ် အထက် တွင် ဆက်လက် တည်ရှိနေကြောင်း သိရသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၆ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိမည် ဖြစ်သည်။
ထို့အတူ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေ ၂ လက်မခန့် ကျော်လွန်နေပြီး လာမည့် ၁ ရက်အတွင်း ၃ လက်မခန့် ထပ်မံမြင့်တက်လာနိုင်သဖြင့် စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိမည်ဖြစ်သည်။
သံလွင်မြစ်ရေသည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက စတင်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ရေပြန်ကျသွားခဲ့ သော်လည်း ယခုအခါ စိုးရိမ်ရေမှတ်အထက် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
မြစ်ရေတက်မှုကြောင့် မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေး နေထိုင်သူများ ရေဘေးလွတ်ရာ ယာယီ ကယ်ဆယ်ရေးစခန်းများ၌ ရွှေ့ပြောင်းနေထိုင်နေရပြီး လက်ရှိတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခုရှိကြောင်း ရွေးတုအစိုးရလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စာရင်းများအရ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ ရွေးတုအစိုးရ