ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
နေပြည်တော်တွင် အငှားယာဉ်မောင်းတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်၍ ကားအား လုယက်သွားသည့် ရွေးတုအစိုးရ၏ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကို ယမန်နေ့ စက်တင်ဘာ ၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လူကုန်တားတပ်ဖွဲ့မှ ဒုရဲအုပ် ရဲရင့်အောင်သည် ပြီးခဲ့သည့်စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က နေပြည်တော် မြို့မဈေးမှ မိတ္ထီလာမြို့သို့ သွားရောက်ရန်အတွက် ကျပ် ၄ သိန်းဖြင့် အငှားယာဉ်ကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် မိတ္ထီလာမြို့အဝင် ကန်ကြီးကုန်းကျေးရွာ အနီး အရောက်တွင် ယာဉ်မောင်းဖြစ်သူ ကိုဝင်းကိုအား ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်သတ်၍ ယာဉ်ကို လုယက်မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြစ်မှုကျူးလွန်ခဲ့သူ ဒုရဲအုပ်ကို ယမန်နေ့ စက်တင်ဘာ ၇ ရက် နံနက်အစောပိုင်းက နေပြည်တော် ဘောဂသီရိအဝိုင်းအနီး၌ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းအရင်းမြစ်ထံမှ သိရသည်။
“နေပြည်တော်က အငှားယာဉ်မောင်းကို သေနတ်နဲ့ပစ်ပြီး ကားလုသွားတာ လူကုန်တားအဖွဲ့က ရဲအရာရှိပါ။ အခင်းဖြစ်တဲ့နေ့က သူ့ကောင်မလေးရှိတဲ့ မိတ္ထီလာသွားရင်း လမ်းမှာ လုတာ။ လုပြီး ဂိတ်တွေက စစ်နေတော့ ကားကို တစ်နေရာမှာထားခဲ့ပြီး နေပြည်တော်ထဲ ပြန်ဝင်လာတဲ့အချိန် ဘောဂသီရိအဝိုင်းနားမှာ မိတာ။ နေပြည်တော်ရောက်လာတာ မကြာသေးဘူး။ အခု အမှတ် (၃) ရဲစခန်းမှာ စစ်ဆေးနေတယ်” ဟု ရဲသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

“နေပြည်တော်က အငှားယာဉ်မောင်းကို သေနတ်နဲ့ပစ်ပြီး ကားလုသွားတာ လူကုန်တားအဖွဲ့က ရဲအရာရှိပါ။ အခင်းဖြစ်တဲ့နေ့က သူ့ကောင်မလေးရှိတဲ့ မိတ္ထီလာသွားရင်း လမ်းမှာ လုတာ။ လုပြီး ဂိတ်တွေက စစ်နေတော့ ကားကို တစ်နေရာမှာထားခဲ့ပြီး နေပြည်တော်ထဲ ပြန်ဝင်လာတဲ့အချိန် ဘောဂသီရိအဝိုင်းနားမှာ မိတာ။နေပြည်တော်ရောက်လာတာ မကြာသေးဘူး။ အခု အမှတ် (၃) ရဲစခန်းမှာ စစ်ဆေးနေတယ်”ဟု ရဲသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသူသည် မကြာသေးမီကမှ သင်တန်းဆင်းလာသည့် ရွေးတုအစိုးရ ရဲတပ်ဖွဲ့၏ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦး ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ပြစ်မှုကျူးလွန်သူ ဒုရဲအုပ် ရဲရင့်အောင်အား မိတ္ထီလာမြို့မရဲစခန်း၌ (ပ) ၁၄၉/၂၀၂၆၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်လှစ်ထားပြီး ကျူးလွန်သူ တရားခံနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။