ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၁၀ ခုတွင် စက်တင်ဘာ ၁ ရက်မှ ၆ ရက်အထိ တစ်ပတ်တာ ကာလအတွင်း ပြည်သူ ၃၅ ဦးထက်မနည်း ရွေးတုအစိုးရစစ်တပ်၏ မတရား ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ယခု စက်တင်ဘာလဆန်းပိုင်းအတွင်း စစ်တပ်၏ မတရား ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ မရမ်းကုန်း၊ စမ်းချောင်း၊ လှိုင်သာယာ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ တောင်ဒဂုံ၊ ပုဇွန်တောင်၊ မြောက်ဒဂုံနှင့် လသာ မြို့နယ်တို့တွင် ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရသူ ၃၅ ဦးအနက် ၃၂ ဦးမှာ ကားလမ်းမပေါ်တွင် သွားလာနေစဉ်နှင့် လမ်းဘေးတွင် ရှိနေစဉ် အကြောင်းမဲ့ အဓမ္မ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျန် သုံး ဦးမှာမူ ၎င်းတို့၏ နေအိမ်များအထိ ဝင်ရောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ အခြေအနေများကို စောင့်ကြည့်နေ သည့် Rangoon Scout Network ထံမှ သိရသည်။

ရွေးတုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်မှ ၆ ရက်အတွင်း ရန်ကုန်ရှိ အဆိုပါ မြို့နယ်များတွင် လုံခြုံရေးအကြောင်းပြ၍ စစ်ဆေးမေးမြန်းမှုများ တင်းကျပ်စွာ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးမှုများနှင့် နေအိမ်များအထိ ဝင်ရောက် ဖမ်းဆီး မှုများကို အရှိန်မြှင့် လုပ်ဆောင်လာခြင်း ဖြစ်သည်။

ပုံစာ-အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်တွင် အရန်မီးသတ်အရာရှိ က လူငယ်များကို ထိပ်တုံးခတ် ဖမ်းဆီးထားစဉ်။