နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်
ရပ်ဆိုင်းလုနီးပါးဖြစ်နေသော ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အာဏာသိမ်း ရွေးတုအစိုးရက အထူးအခွင့်အရေးများ ပေးမည်ဆိုပြီး ဖိတ်ခေါ်နေခြင်းအပေါ် ရုရှားနိုင်ငံဘက်မှ အကျပ်ကိုင်တောင်းဆို၍ အဆင်မပြေဖြစ်ကာ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းနေရကြောင်း သိရသည်။
တနင်္သာရီတိုင်းရှိ နယ်မြေဒေသ စစ်ရေး၊ လုံခြုံရေးများကြောင့် ၁၈ နှစ်ကျော်ကြာတိုင် နှောင့်နှေးကြံ့ကြာနေသော ထိုထားဝယ် (SEZ) စီမံကိန်းအတွက် အဆင်မပြေ ဖြစ်နေသည့် ရင်းနှီးမြှုပ်နှံနိုင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန် ယခုရက်အတွင်း ရုရှားဘက်က ကိုယ်စားလှယ်အဖွဲ့ မြေပြင်သို့ လာရောက်သွားကြောင်း သိရသည်။
အဆိုပါအဖွဲ့မှာ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhai-lovich ဦးဆောင်သောအဖွဲ့ဖြစ်ပြီး နေပြည်တော်သို့ သွားရောက်ပြီးနောက် ရွေးတုအစိုးရ၏ လက်အောက်ခံ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် ထားဝယ်မြို့တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုများအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဘောင်များအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် အဓိကထားဆွေးနွေးခဲ့သည်ဟု ရွေးတုအစိုးရဘက်က ထုတ်ပြန်ဆိုထားသော်လည်း ရလဒ်အခြေအနေ အတိအကျကိုမူ ဖော်ပြခြင်းမရှိကာ မြေပြင်စိုးမိုးနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ထိုချစ်ကြည်ရေးအသင်းကို မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်ဖူးသည့် ရုရှားစစ်ဘက်/အရပ်ဘက် ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များဖြင့် ၁၉၆၀ ပြည့်နှစ်တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရုရှားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန် မူဝါဒပိုင်းမှစတင်၍ လုပ်ငန်းခွင်မြေပြင်အထိ အဓိကချိတ်ဆက်ပေးရကြောင်း သိရသည်။
ယခုလာရောက်မှုသည် ပြီးခဲ့သည့် ဩဂုတ်၌ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် ခရီးစဉ်အတွင်း ပြုလုပ်သော ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင် ထားဝယ် (SEZ) စီမံကိန်းနှင့် ပတ်သက်၍ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ပြောဆိုမှု၏ နောက်ဆက်တွဲ ဆွေးနွေးခြင်းဖြစ်ဟု ယင်းနိုင်ငံ သတင်းများအရ သိရသည်။
ရုရှားနိုင်ငံသို့ လာရောက်သည့် ရွေးတုသမ္မတက အထူးအခွင့်အရေးများ ပေးသွားမည်ဟု ဆိုလာသဖြင့် ယင်းဖိုရမ်တွင် ထားဝယ် (SEZ) စီမံကိန်း ရင်းနှီးမြှုပ်နှံသွားမည့် ရုရှားကုမ္ပဏီများ ရင်းနှီးငွေ ပြန်ဆပ်ကာလ (Payback Period) အတွင်း အများစုရှယ်ယာ ပိုင်ဆိုင်လိုဟု တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်းဆိုမှုကို ရွေးတုသမ္မတအပြင် ၎င်းလက်အောက်ခံ ရွေးတုဒုသမ္မတ (၁) ဦးညိုစော ထပ်မံ၍ ရုရှားနိုင်ငံသို့ သွားရောက်သည့်တိုင် ထားဝယ် (SEZ) စီမံကိန်းကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရေး ရင်းနှီးမြှုပ်နှံရန်သာ ဖိတ်ခေါ်နေပြီး ထိုကိစ္စအတွက် ညှိနှိုင်းသောအခါ အဆင်မပြေခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေသည့် ထိုစီမံကိန်းကို ယခင် အီတာလျံ-ထိုင်းနှင့် ဂျပန်ကဲ့သို့ ရင်းနှီးမြှုပ်နှံသူများ မအောင်မြင်ခဲ့၍ စစ်အာဏာသိမ်းပြီးနောက် ၎င်းတို့အား ထောက်ခံနေသော ရုရှားနိုင်ငံနှင့် အမြန်စတင်နိုင်ရန် ရွေးတုအစိုးရက လိုလားနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရနှင့် ရုရှားအစိုးရအကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှုများ ပိုမိုနီးကပ် တိုးမြှင့်လာသော်လည်း စီးပွားရေး၌မူ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများထက် သိသိသာသာ ထိုးကျသွားပြီး အဆင့် ၂၃ အထိ ရောက်ရှိခဲ့ဟု ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။
ရွေးတုအစိုးရ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ထုတ်ပြန်ချက်အရ ယခုနှစ် ဧပြီ ၃၀ ရက်ထိ ရုရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမှာ ၉၇ ဒဿမ ၃၅၉ သန်းသာ ရှိတော့ပြီး နိုင်ငံတကာ လာရောက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၀ ဒဿမ ၁၀ ရာခိုင်နှုန်းပင်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- MOI