ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရွေးတုအစိုးရတပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသည့် လူငယ်များကို မိသားစုဝင်များက ငွေကျပ် သိန်း ၅၀ ကျော်ဖြင့် ရွေးယူခိုင်းနေသည့် ဖြစ်စဉ်များဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံက သတင်းရရှိသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ ခုစလုံးတွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပေါ်တာဆွဲခြင်း၊ စာရင်းသွင်း ခေါ်ဆောင်ခြင်းများ ပြုလုပ်နေပြီး၊ ထိုသို့ ဖမ်းဆီးခံရသူများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တပ်ဖွဲ့ဝင်များက ငွေကြေးများ တောင်းယူ‌နေခြင်းဖြစ်သည်။

“လူမသိသူမသိ ငွေပေးပြီး ပြန်ရွေးနေရတာပါ။ ပေါ်တာဆွဲသလို ပဲဖမ်းဆီးနေကြတာ၊ တိုင်လည်း မတိုင်ရဲကြဘူး၊ သတင်းလည်း မထုတ်ရဲကြဘူး။ ပြန်ဖမ်းမှာကို ကြောက်နေကြရတာ။ ငွေပေးနိုင်တဲ့သူက လွတ်ပြီး ငွေမပေးနိုင်တဲ့သူတွေကျတော့ ပါသွားကြရတယ်” ဟု ကျုံပျော်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ကျော်အထိ ပြန်လည်ရွေးယူခိုင်းနေပြီး၊ ငွေကြေးမတတ်နိုင်သည့် ဆင်းရဲနွမ်းပါးသည့် မိသားစုမှ လူငယ်များမှာမူ စစ်မှုထမ်းရန် အတင်းအဓမ္မ စေလွှတ်ခြင်း ခံနေကြရသည်။

အဆိုပါ ဖြစ်စဉ်များမှာ တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် ဖြစ်ပွားနေသည်မှာ ကာလအတန်ကြာပြီဖြစ်သော်လည်း၊ ​ငွေပေးရွေးယူရသူများ ပြန်လည် ဖမ်းဆီးခံမည်ကို စိုးရိမ်၍ သတင်းမပေါက်ကြားအောင် ငွေပေးရွေးယူနေကြရကြောင်း ဒေသခံများထံက သိရသည်။

​ထို့အပြင် မြို့နယ်အချို့တွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း မဲနှိုက်ပွဲများ မပြုလုပ်မီကတည်းက လူငယ်များ၏ မိသားစုထံမှ မဲစာရင်းမှ ပယ်ဖျက်ပေးမည် ဟုဆိုကာ ကြိုတင်ငွေကြေး တောင်းခံမှုများလည်း ရှိနေပြီး၊ ငွေမပေးနိုင်သည့် လူငယ်များမှာ စစ်မှုထမ်းနေရကြောင်း ဒေသခံများက ဆိုသည်။

ရွေးတုအစိုးရတပ်နှင့် ၎င်း၏ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များသည် စစ်မှုထမ်းဥပဒေကို ရည်ရွယ်ချက်ရှိရှိ အသုံးချကာ ပေါ်တာဆွဲ ပြည်သူများထံမှ ငွေကြေး ခေါင်းပုံဖြတ် ကိုယ်ကျိုးရှာသည့် လုပ်ရပ်များကို ပြုလုပ်နေခြင်းဖြစ်သည်။

ဓာတ်ပုံ-စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်များ