ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်

 

စာရေးဆရာ၊ Film-maker ဒေါက်တာ အောင်မင်းသည် အသက် (၆၂) နှစ်အရွယ် ယမန်နေ့ စက်တင်ဘာ ၆ ရက် ညပိုင်းတွင် ဦးနှောက်သွေးကြောပြတ်၍ ရုတ်တရက် ကွယ်လွန်သွားကြောင်း စာပေအသိုင်းအဝိုင်းထံမှ သိရသည်။

 

စာရေးဆရာ ဒေါက်တာအောင်မင်း၏ ရုပ်ကလပ်အား စက်တင်ဘာ ၈ ရက်တွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်သည်။

 

“ကျွန်တော် အကြိုက်ဆုံး စာရေးဆရာ၊ ဆုံးသွားတာ နှမြောတယ်။ သူ နောက်ဆုံးထွက်တဲ့ စာအုပ် ‘တစ်ပိုင်းတစ ဒိုင်ယာရီ’ မျက်နှာဖုံးက သူ၏ အမျိုးသမီး ဆွဲထားတာ။ အမျိုးသမီးကလည်း ဆရာဝန်ပဲ၊ ပန်းချီလည်း ဆွဲတယ်။ အကြိုက်ဆုံး စာရေးဆရာတွေထဲက တစ်ယောက်ပါ။ သူက ရုပ်ရှင်တွေလည်း ရိုက်သေးတယ်” ဟု စာပေနှံ့စပ်သည့် သတင်းအယ်ဒီတာတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဒေါက်တာအောင်မင်းသည် လစဉ်မဂ္ဂဇင်းများတွင် ဝတ္ထု၊ ပန်းချီဆရာ အင်တာဗျူးများနှင့် ပန်းချီဆောင်းပါးများကို ၂၀၁၀ ပြည့်နှစ်အထိ ရေးသားခဲ့သူဖြစ်သည်။ ၂၀၀၇ ခုနှစ်မှ စတင်၍ ရုပ်ရှင်ဇာတ်ညွန်းများ စတင်ရေးသားခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် “မြန်မာခေတ်ပြိုင်အနုပညာ (၁)” ကို ပြုစုရေးသားခဲ့သည်။

 

စာရေးဆရာ အောင်မင်း၏ ပထမဆုံး စာပေလက်ရာမှာ ဗျူးတီးမဂ္ဂဇင်းတွင် အခန်းဆက်ရေးသားသည့် “ညဆိုး” ဝတ္ထုလတ်ဖြစ်ပြီး နောက်ပိုင်းတွင် လုံးချင်းထုတ်ဝေခဲ့သည်။ ထို့ပြင် ၂၀၀၃ ခုနှစ်တွင် ဒုတိယမြောက် ဝတ္ထုလတ်ဖြစ်သော “ကျွန်တော် ဒီမြို့ကလေးဆီကို တာဝန်တစ်ခုနဲ့ ရောက်လာတာပါ” ကို ဗျူးတီးမဂ္ဂဇင်းတွင် တစ်နှစ်တိတိ အခန်းဆက်ရေးခဲ့ပြီး ယူနီတီ စာအုပ်တိုက်က ၂၀၁၃ ခုနှစ်တွင် လုံးချင်း ထုတ်ဝေခဲ့သည်။

 

ထို့ပြင် “The Monk” ရုပ်ရှင်ကားရှည်အတွက် ဇာတ်ညွန်းကို ဥရောပ ရုပ်ရှင်ဖွံ့ဖြိုးရေး ဝပ်ရှော့ MID POINT သို့ တက်ရောက်ပြီး ၂၀၁၃ ခုနှစ်တွင် ရေးသားခဲ့ကာ ၂၀၁၄ ခုနှစ်တွင် အဆိုပါ “The Monk” ရုပ်ရှင်ဇာတ်ကားကို Karlovy Vary နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် အဖွင့်ရုပ်ရှင်အဖြစ် စတင်ပြသခဲ့သည်။

၂၀၁၅ ခုနှစ်တွင် TENMEN ရုပ်ရှင်အုပ်စုကို စတင်ဖွဲ့စည်းခဲ့ပြီး Hteedan Road, Khayar, Mawtin Jetty, Mrauk Oo Story, Fisherman Story နှင့် Heartbroken Bird ရုပ်ရှင်ကားတိုများကို ရိုက်ကူး ထုတ်လုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Man with the Beard ရုပ်ရှင်ဇာတ်ကားရှည်ကို ရိုက်ကူးပြီးစီးခဲ့သည်။

 

ဆရာသည် ကွယ်လွန်ချိန်အထိ Yangon Midnight နှင့် Heartbroken Bird ဇာတ်ကားရှည်များကို ရေးသားလျက်ရှိသလို “အောင်” ဆေးကုခန်းတွင် အနုပညာကုထုံးဖြင့် ဆေးကုသပေးသူအဖြစ် လုပ်ကိုင်လျက်ရှိခဲ့သည်။

 

စာရေးဆရာ ဒေါက်တာအောင်မင်း ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါက်တာစန်းစန်းဦးနှင့် သားဖြစ်သူ မောင်ဉာဏလင်း၊ မောင်သက်ဆောင်းအေးတို့ ကျန်ရစ်ခဲ့သည်။

 

ဓာတ်ပုံ – TENMEN , Social Media